မီးလောင်ရာလေပင့်သည့် စွက်ဖက်မှုရှောင်ရှား

နေပြည်တော် နိုဝင်ဘာ ၂၉

အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံအချို့က နိုဝင်ဘာ ၂၆ ရက်တွင် မြန်မာနိုင်ငံနှင့် ပက်သက်သည့် ပူးတွဲကြေညာချက် တစ်စောင်ကို ထုတ်ပြန်လိုက်သည့်အပေါ် မြန်မာနိုင်ငံက ပြင်းထန်စွာကန့်ကွက်ခဲ့သည်။ ပူးတွဲကြေညာချက်တွင် အစိုးရ ဆန့်ကျင်သူများကို တပ်မတော်က အင်အားအလွန်အကျွံ သုံးစွဲချေမှုန်းနေကြောင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်နေကြောင်း စသည့်အခြေအမြစ်မရှိသည့် စွပ်စွဲချက်များနှင့် အစိုးရဆန့်ကျင်နေသူများ၊ အကြမ်းဖက်အဖွဲ့များထံမှ ရရှိသည့်အချက်များကို အခြေခံထားခြင်းဖြစ်ရာ မှန်ကန်မှု မရှိသော အချက်များပင်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့်အခြေအနေများမှာ အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာ ထားပြီးဖြစ်သော NUG၊ CRPH နှင့် ၎င်းတို့၏လက်အောက်ခံ PDF က စေခိုင်းနေသည့် အကြမ်းဖက်အုပ်စုများက မြို့များ၊ ရွာများအတွင်း ခိုအောင်းနေထိုင်ကာ အကြမ်းဖက် အဖျက်လုပ်ငန်းများ ပြုလုပ်နေခြင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နိုင်ငံတော် တည်ငြိမ် အေးချမ်းရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လိုအပ်သည့် အရေးယူမှုများကို ဆောင်ရွက်နေခြင်းတို့ပင် ဖြစ်သည်။ အကြမ်းဖက်အဖွဲ့များက ရဟန်းသံဃာတော်များကို သက်ဖြတ်မှုများ၊ ကျောင်းဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများကို သတ်ဖြတ်မှုများ၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများကို သတ်ဖြတ်မှုများ၊ ဌာနဆိုင်ရာဝန်ထမ်းများကို သတ်ဖြတ်မှုများ၊ စာသင်ကျောင်း အမြောက်အမြားကို မိုင်းထောင် ဖောက်ခွဲမီးရှို့ ဖျက်ဆီးမှုများ၊ ဆေးရုံဆေးခန်းများ၊ ဈေးများ၊ လမ်းတံတားများ၊ နိုင်ငံပိုင် ပုဂ္ဂလိကပိုင်ဘဏ်များ၊ ဌာနဆိုင်ရာ အဆောက်အဦများစသည်တို့ကို ဖောက်ခွဲဖျက်ဆီးမှု မီးရှို့မှုများစသည်တို့ကို စာရင်းအင်းအတိအကျ ခိုင်မာသော အထောက်အထားများဖြင့် တရားဝင်ထုတ်ပြန်ထားသော သတင်းများကိုမူ အမေရိကန်နှင့် အပေါင်းအပါနိုင်ငံအချို့တို့က မသိယောင်ဆောင်၍ မျက်နှာလွှဲထားခြင်းဖြစ်ရာ အပြစ်မဲ့သူများအပေါ် အကြမ်းဖက်သမားတို့၏ သတ်ဖြတ်မှုများကို ထောက်ခံအားပေးသည့်သဘော သက်ရောက်လျက်ရှိသည်။

NUG၊ CRPH အကြမ်းဖက်အဖွဲ့၏ လမ်းညွှန်ခိုင်းစေမှု၊ ငွေကြေး လက်နက်ထောက်ပံ့ပေးမှု၊ EAO အချို့၏ အကြမ်းဖက်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးမှုတို့ကို အကြောင်းပြု၍ ဖြစ်ပေါ်နေ သည့် အကြမ်းဖက်တိုက်ခိုက်မှုများမှာ လူနေရပ်ရွာများကို အခြေခံ၍ ပြုလုပ်နေကြသည့်အတွက် လုံခြုံရေးဆောင်ရွက်ရသည့် နေရာများတွင် ရပ်ရွာများလည်း ပါဝင်လာသည်။ အကြမ်းဖက် သမားများက ၎င်းတို့ဘက်သို့ မပါဝင်သူများကိုကြားနေအဖြစ် မသတ်မှတ်ဘဲ ရန်/ ငါ ပြက်သား ရမည်ဟူသော ကွန်မြူနစ် အတွေးအခေါ်နှင့် ပုံစံတို့ကို ပုံတူကူး ကျင့်သုံးကြသည့်အတွက် ရပ်ရွာ စွန့်ခွာ ထွက်ပြေးကြရသူများကို ၎င်းတို့တိမ်းရှောင်ရာ ဘုန်တော်ကြီးကျောင်းသို့ပင် လိုက်လံ သတ်ဖြတ်ခဲ့ကြသည်ကိုလည်း တွေ့ရသည်။ ဒေသအလိုက် နာမည်အမျိုးမျိုး၊ အမှတ်တံဆိပ် အမျိုးမျိုးဖြင့် ပြည်သူ့ကာကွယ်ရေးအမည်ခံထားသည့် အကြမ်းဖက်အုပ်စုများတွင် ပညာတက် ဂျီဇက်များသာ ပါဝင်နေသည် မဟုက်ဘဲ နှလုံးလှလူမိုက်ကြီးများအမည်ခံ ဒုစရိုက်သမား ထောင်ထွက်များ၊ လူသတ်လက်မရွံ့များ၊ အစွန်းရောက်အကြမ်းဖက် စိက်ဓာတ်ရှိသူများလည်း ပါဝင်နေကြပြီး ငွေကြေးအရှုပ်အထွေးများ၊ လူမှုရေးအရှုပ်အထွေးများ၊ တရားလက်လွတ် သတ်ဖြတ်မှု၊ မုဒိမ်းမှု၊ လုယက်မှုအပါအဝင် တော်လှန်ရေးဟု မဆိုနိုင်သည့်အမှုများ ဖြစ်ပေါ် ခဲ့သည်များကိုမူ အကြမ်းဖက်အားပေးမီဒီယာများက ဖုံးဖိဖာထေးပေးခဲ့သလို အနောက်အုပ်စု ကလည်း အပုပ်နံ့အပေါ် နှာစေးထားခဲ့သည်။

မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းရေး သည် မြန်မာပြည်သူတို့၏ အရေး ဖြစ်သည်။ ပြည်သူလူထု၏ ဆန္ဒအစစ်အမှန်သည် နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မိမိတို့၏ ပရိယေသန ဝမ်းစာကို လုံခြုံအေးချမ်းစွာ ရှာမှီးနိုင်ရေးဖြစ်ပြီး ရေရှည်တွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံသူ နိုင်ငံသားများ၏ လူမှုစီးပွားဘဝ များ မြင့်မားရေးဖြစ်သည်။ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူ ပြည်သားတို့၏ အကျိုးစီးပွားကို လိုလားသူများအနေဖြင့် အဆိုပါ ဆန္ဒအစစ်အမှန်ကို ဖြည့်ဆည်း ကူညီပေးရန်သာဖြစ်ပြီး မီးလောင်ရာလေပင့်စေမည့် စွက်ဖက်ပြုမူခြင်းများကို ရှောင်ရှားကြရန် ဖြစ်ပါကြောင်း။ ။

မြန်မာ့အလင်း