မိချောင်းဂေဟစနစ် ပြန်လည်ဖွံ့ဖြိုးလာရန် သဘာဝဧရိယာတွင် မိချောင်းမျိုးဆက်များ ရှင်သန်ရန်လိုအပ်လာ

ရန်ကုန်၊ ဇွန် ၂၄

မြန်မာနိုင်ငံတွင် သဘာဝသစ်တောဧရိယာအဖြစ် ထိန်းသိမ်းထားသည့် ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့ မိန်းမလှကျွန်း၌ မိချောင်းကောင်ရေ ၁၀၀ အောက်သာ ကျန်ရှိကြောင်း သစ်တောဦးစီးဌာနမှ ထုတ်ပြန်ထားရာ သာကေတ မိချောင်းမွေးမြူရေးစခန်းတွင် နှစ်စဉ် မိချောင်းများကို ထိန်းသိမ်းစောင့်ရှောက်ထားမှုကြောင့် တိုးပွားလာလျက်ရှိ၍ မိချောင်းဂေဟစနစ် ပြန်လည်ဖွံ့ဖြိုးလာရန် သဘာဝဧရိယာ၌ မိချောင်းမျိုးဆက်များ ရှင်သန်နိုင်ရန် လိုအပ်လာကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် မိချောင်းမွေးမြူရေးလုပ်ငန်းကို ၁၉၆၈-၁၉၆၉ ခုနှစ်တွင် စတင်လုပ်ဆောင်ခဲ့ပြီး သာကေတ မိချောင်းမွေးမြူရေးစခန်းကို မြန်မာ့ရေလုပ်ငန်းမှ ၁၉၇၈ ခုနှစ်၊ မေလ၌ စတင်အကောင်အထည်ဖော်ခဲ့ရာ ၁၉၉၄-၁၉၉၅ ခုနှစ်တွင် ငါးလုပ်ငန်းဦးစီးဌာနနှင့် ပူးပေါင်းလျက် ၁၉၉၇ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်နေ့တွင် အပန်းဖြေစခန်းအဖြစ် ဖွင့်လှစ်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သာကေတ မိချောင်းမွေးမြူရေး အပန်းဖြေစခန်းကို ယာယီပိတ်ထားပြီး မိချောင်းကောင်ရေ ၅၉၂ ကောင်ကို ထိန်းသိမ်းထားရာ ၃ နှစ်အတွင်း အကောင်ရေ ၅၀ ကျော် တိုးပွားလာလျက်ရှိသည်။

“သာကေတ မိချောင်းမွေးမြူရေး အပန်းဖြေစခန်းမှာ မိချောင်းကောင်ရေ ၅၉၀ ကျော်ရှိတယ်။ ၃ နှစ်အတွင်း အကောင်ရေ ၅၀ ကျော် တိုးလာတယ်လို့ဆိုရမှာပါ။ တိုင်းရင်းသားကျေးရွာနဲ့ တိရစ္ဆာန်ဉယျာဉ်က ပြန်ယူထားတဲ့အကောင်ကြီး ၁၀ ကောင်လည်းရှိတယ်။ တစ်ပေကနေ ၃ ပေအရွယ် မိချောင်းကောင်ရေ ၁၅၀ ကျော်ရှိမယ်။ ၃ ပေကနေ ၅ ပေကြား ကောင်ရေ ၁၅၀ နီးပါးနဲ့ ၅ ပေကနေ ၁၀ ပေအထက် ကောင်ရေ ၃၀၀ နီးပါးရှိတယ်။ အကောင်ငယ်လေးတွေကို ပုံမှန်အတိုင်း အစာကျွေးပြီးတော့ အကောင်ကြီးတွေကို ဌာနဘတ်ဂျက်အတိုင်း တစ်ပတ်တစ်ကြိမ်ကျွေးပါတယ်။ သီးသန့်လာပြီး အစာလာလှူတဲ့သူတွေလည်း ရှိတယ်။ ဒီမှာ မိချောင်းကောင်ရေ များလာတယ်။ သဘာဝမိချောင်းနယ်မြေဖြစ်တဲ့ မိန်းမလှကျွန်းမှာ တစ်နှစ်ကို ၁၀ ကောင်ဖြစ်စေ၊ အကောင် ၂၀ ဖြစ်စေ လွှတ်နိုင်မယ်ဆိုရင် မျိုးတုံးပျောက်ကွယ်မှုကိုလည်း ထိန်းချုပ်ပြီးသားဖြစ်သွားမှာပါ”ဟု သာကေတ မိချောင်းမွေးမြူရေး အပန်းဖြေစခန်း တာဝန်ခံ ဒေါက်တာမျိုးမင်းလှိုင်က ပြောသည်။

ဧက ၄၀ ကျယ်ဝန်းသော သာကေတ မိချောင်းကန်တွင် မိချောင်းကောင်ရေ ၅၉၀ ကျော် မွေးမြူထားသောကြောင့် မြို့ပြဧရိယာနှင့် ဆက်စပ်လျက်ရှိရာ သီးသန်းနေရာခွဲတစ်ခုတွင် ထပ်မံမွေးမြူခြင်းနှင့်အတူ သဘာဝဧရိယာတွင် ရှင်သန်နိုင်သော မိချောင်းတို့ကို ထားရှိခြင်းဖြင့် မြန်မာပြည်၏ သဘာဝဧရိယာတွင် လျော့နည်းလာသော မိချောင်းဂေဟစနစ်ကို ပြန်လည်ဖြည့်တင်းနိုင်မည် ဖြစ်သည်။ ကမ္ဘာဦးအစရှေးနှစ် သန်းပေါင်း ၂၄၀ ကျော်မှစ၍ ယနေ့ထိ မျိုးရိုးစဉ်ဆက်မပြတ် မူလသဘာဝအတိုင်း ပြောင်းလဲမှုမရှိဘဲ တည်ရှိသောသတ္တဝါအဖြစ် ရပ်တည်လျက်ရှိပြီး ကမ္ဘာပေါ်၌ မိချောင်းများကို အာဖရိက၊ ဩစတြေးလျ၊ အမေရိက၊ မြန်မာ၊ အိန္ဒိယ၊ တရုတ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ ပါပူဝါနယူးဂီနီ၊ ဖီလစ်ပိုင်၊ စင်္ကာပူ၊ သီရိလင်္ကာ၊ ဆောလ်မွန်ကျွန်း၊ ထိုင်း၊ ဗီယက်နမ်တို့တွင် တွေ့ရှိရလျက် ကျွန်းနိုင်ငံဖြစ်သော ဂျပန်နိုင်ငံတွင်လည်း တစ်ခါတစ်ရံ တွေ့ရှိရတတ်ကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် မိချောင်းမျိုးစိတ်ပေါင်း ၂၇ မျိုးခန့်ရှိသော်လည်း Crocodile မျိုးစိတ် ၁၄ မျိုး၊ Alligator မျိုးစိတ် ၈ မျိုးနှင့် Gavial မျိုးစိတ်တစ်မျိုးဖြင့် စုစုပေါင်း ၂၃ မျိုးသာ ကျန်ရှိပြီး မြန်မာနိုင်ငံတွင် အင်းမိချောင်း (Crocodylus palustris)၊ ငမိုးရိပ်ဟုခေါ်သော ရေငန်မိချောင်း (Crocodylus porosus)၊ ကုမ္ဘိလမိချောင်း (Garvialis gangeticus) နှင့် ထိုင်းမိချောင်း (Crocodylus siamensis) တို့ ကျက်စားလျက်ရှိရာ သာကေတ မိချောင်းမွေးမြူရေးစခန်း၌ ရေငန်မိချောင်း (Crocodylus porosus) တစ်မျိုးတည်းကို မွေးမြူထားသည်။ သဘာဝဘေးမဲ့တောဖြစ်သော မိန်းမလှကျွန်းတွင် မိချောင်းများကို သဘာဝအတိုင်းထားရှိထားရာ အကောင်ရေ ၁၀၀ အောက် ကျဆင်းသွားသောကြောင့် အမေရိကန်နိုင်ငံ Discovery Channal တစ်ခုမှရုပ် သံရိုက်ကူးရာ၌ မိန်းမလှကျွန်းတွင် အရွယ်ရောက်မိချောင်းတစ်ကောင်ကို ရိုက်ကူးရန် တစ်လတာ အချိန်စောင့်ဆိုင်းသော်လည်း မတွေ့ရသောကြောင့် သာကေတ မိချောင်းကန်တွင် ရိုက်ကူးခဲ့ရသည့်အတွက် မိန်းမလှကျွန်း သဘာဝသစ်တောဧရိယာတွင် မြန်မာ့မိချောင်းဂေဟစနစ် ပြန်လည်ဖြည့်စွမ်းရန် မိချောင်းပေါက်များထားရှိရန် လိုအပ်လာခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး တစ်လျောက်တွင်လည်း မိချောင်းများ မြင်တွေ့ရန် ရှားပါးလာလျက်ရှိကြောင်း သိရသည်။

ညိမ်းသူ

ဓာတ်ပုံ -  ကနူး