မြိတ်မြို့ အထက(အောင်မင်္ဂလာ)ကျောင်း၌ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် ခြင်အန္တရာယ် ကင်းဝေးစေရန် စုပေါင်းသန့်ရှင်းရေးနှင့် ခြင်ဆေးဖျန်း

မြိတ်  ၄  ဇူလိုင်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ မြိတ်တောင်ကျေးရွာ၊  အောင်မင်္ဂလာရပ်ကွက်၊ သုခ(၃)လမ်းရှိ အခြေခံပညာအထက်တန်းကျောင်း(အောင်မင်္ဂလာ)တွင် ဇူလိုင် ၄ ရက် နံနက် ၇ နာရီက ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်မျိုးမြင့် ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ ပြည်သူ့ အကျိုးပြု သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

 

ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးကို ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့်  ပညာသင်ကြားမည့် ကျောင်းသူ/ကျောင်းသားများအတွက် သန့်ရှင်းသပ်ရပ်သော ပတ်ဝန်းကျင် ဖြစ်စေရေးနှင့် ခြင် အန္တရာယ်ကင်းဝေးစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးဆောင်ရွက်ရာတွင် ကျောင်းဝင်းအတွင်း ပေါက်ရောက်နေသည့် ခြုံနွယ် ပေါင်းမြက်များကို ဓါး၊ ပေါက်တူး၊ မြက်ဖြတ်စက်များဖြင့် ခုတ်ထွင်ရှင်းလင်းခဲ့ကြပြီး အမှိုက်သိမ်း ယာဉ်ဖြင့် သိမ်းဆည်းဆောင်ရွက်ပေးခဲ့ကြ၍   ကျောင်းစာသင်ခန်းများအတွင်း ခြင်များခိုအောင်းမှု မရှိစေရန် ခြင်ဆေးဖျန်း ဆောင်ရွက်ခဲ့ကြသည်။

 

စုပေါင်းသန့်ရှင်းရေးနှင့် ခြင်ဆေးဖျန်းခြင်းကို ခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်၍ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ မှူးရုံး၊ မြို့မရဲတပ်ဖွဲ့စခန်း၊ ရေကြောင်းရဲတပ်ဖွဲ့၊ လေကြောင်းရဲတပ်ဖွဲ့ ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊  သတင်းရဲတပ်ဖွဲ့၊ မူးယစ်(အထူး)ရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ လူကုန်တားရဲတပ်ဖွဲ့ တို့မှ တပ်ဖွဲ့ဝင် အရာရှိများနှင့် အခြားအဆင့် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ  စုစုပေါင်း(၁၂၀) ဖြင့်  ပြည်သူ့အကျိုးပြု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)