မြိတ်မြို့ ဘုရားကိုင်ရပ်၌ ဖယောင်တိုင်မီးမှတစ်ဆင့် လူနေအိမ်တစ်လုံး မီးလောင်

မြိတ် ၁၀  ဇူလိုင်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်၊ ဘုရားကိုင်ရပ်၊ အေးချမ်းသာယာလမ်းရှိ ဦးမင်းထိုက်၊ (ဘ) ဦးမျိုးသန်း၊ (၃၅)နှစ်၊ ပိုင်ဆိုင်သောအလျား (၁၅)ပေ၊ အနံ(၂၅)ပေ၊ ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်း(၁)ထပ်လူနေအိမ်၏ ခေါင်းရင်းတွင် ဇူလိုင် ၁၀ ရက် နံနက် ၈ နာရီအချိန်ခန့်က ဖယောင်း တိုင်မီးထွန်းညှိထားပြီးဖယောင်းတိုင်မီးအား ပြန်လည်ငြိှမ်းသတ်ရန် မေ့လျော့၍ လုပ်ငန်းခွင်သို့ထွက်ခွာသွားစဉ် ဖယောင်းတိုင်မီးမှတစ်ဆင့် အနီးရှိထရံကာသို့ မီးကူးစက်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ခရိုင်မီးသတ်ဉီးစီးဌာနမှ သိရသည်။

 

အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာသို့ ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်ဝင်း ဦးဆောင်၍ သန္ဓေမီးတပ်ဖွဲ့ဝင် (၂၆)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀)၊ ရဲတပ်ဖွဲ့ဝင်(၅)ဦး၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်(၅)ဦးနှင့် ရပ်ကွက်နေ ပြည်သူများက ဗဟိုမီးသတ်စခန်းမှ မီးငြိှမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၂)စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁)စီး၊ လူနာတင်ယာဉ်(၁)စီး၊ အုပ်ချုပ်မှုယာဉ် (၁)စီး၊ အရန်မီးသတ်စခန်းများမှ မီးငြိှမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၂)စီး၊ လူမှုရေးအသင်းများမှ လူနာတင်ယာဉ် (၃)စီး၊ စုစုပေါင်း (၁၅)စီးတို့ဖြင့် သွားရောက်ဝိုင်းဝန်းမီးငြိှမ်းသတ်မှုကြောင့် နံနက် ၈ နာရီ ၅ မိနစ်အချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၈ နာရီ ရ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။

 

အဆိုပါ မီးလောင်မှုကြောင့် လူနေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး မီးလောင်မှုတွင် တာဝန်ရှိသူ ဦးမင်းထိုက်အား မြိတ်မြို့မရဲစခန်းမှ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြင့်ဦး(မြိတ်)