မြိတ်မြို့နယ်၌ ညမထွက်ရအမိန့် ထုတ်ပြန်ထားသောကြောင့် ရော်ဘာအစေးခြစ်လုပ်သားများ အခက်တွေ့နေဟုဆို

မြိတ် ၁၀ မေ

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်အတွင်း COVID-19 ရောဂါ ကူးစက်မှုထိန်းချုပ်နိုင်ရန်အတွက် ည(၁၀)နာရီမှ မနက်(၄)နာရီအတွင်း အပြင်မထွက်ရ အမိန့်ထုတ်ပြန်ထားသည့်အတွက် ညဘက်တွင် အစေးခြစ်လုပ်ကိုင်နေကြသည့် ရော်ဘာခြံရှင်များနှင့် လုပ်သားများ အခက်တွေ့နေရကြောင်း ရော်ဘာအစေးခြစ်လုပ်သားများထံမှ သိရသည်။

 

"ကျွန်မတို့မိသားစုက ဒီရော်ဘာခြံကိုပဲ အဓိကထား အားကိုးနေရတယ်။ ရော်ဘာခြစ်တာကလည်း ညသန်းခေါင်ကျော် အအေးပိုတဲ့အချိန် ခြစ်မှာမှ အစေးကပိုထွက်ပါတယ်။ အခု ညမထွက်ရဘူးလို့ အမိန့်ထုတ်ထားတော့ ညဘက်မထွက်ရဲဘူး။ မိုးလင်းမှသွားခြစ်နေရတော့ အရင်ကထက် အစေးအထွက်နှုန်း လျော့သွားပါတယ်။ အခုဈေးနှုန်းကလည်းမကောင်းတော့ ပိုခက်ခဲတာပေါ့" ဟု ရော်ဘာခြံပိုင်ရှင် ဒေါ်ခင်အေးရီက ပြောသည်။

 

အဆိုပါ ရော်ဘာလုပ်ကိုင်နေသူအများစုသည် ယခင်က ညသန်းခေါင်ကျော် မနက် ၁ နာရီ / ၂ နာရီ အစေးခြစ်သည့်အချိန်ထက် ယခု နံနက်(၄)နာရီနောက်ပိုင်း အစေးခြစ်သည့်အချိန်သည် အစေးထွက်နှုန်းမှာ ထက်ဝက်ခန့် လျော့ကျသွား​သည့်အပြင် ရော်ဘာဈေးနှုန်းများမှာလည်း ယခင်နှစ်ထက် ထက်ဝက်ခန့်ကျဆင်းလာသောကြောင့် ရော်ဘာဖြင့်အသက်မွေးဝမ်းကြောင်း ပြုနေသူများ စားဝတ်နေရေး အခက်အခဲများနဲ့ ရင်ဆိုင်နေရကြောင်း ရော်ဘာလုပ်သားများထံမှ သိရသည်။

 

"ရွာမှာနေတဲ့သူတွေက ခြံနဲ့နီးနေတော့ အပြင်ထွက်စရာမလိုဘူး ကြိုက်တဲ့အချိန်ခြစ်ရတယ်။ ကျွန်မတို့က မြို့ထဲကသွားခြစ်ရတော့ လမ်းမှာ အစစ်အဆေးတွေရှိတော့ သွားလို့မရဘူး။ အခုနောက်ကျမှ ခြစ်နေရတော့ ပြီးတဲ့အချိန်လည်း နောက်ကျတယ်။ အထွက်နှုန်းလည်း နည်းလာပါတယ်"ဟု ၎င်းကပြောသည်။

 

အဆိုပါ ညမထွက်ရအမိန့်ကြောင့် ပုံမှန်အချိန်ထက်နောက်ကျမှ သွားခြစ်နေရသဖြင့် လက်ရှိရော်ဘာဈေးနှုန်းကျဆင်းနေချိန် ၁၀ ရက်အတွက် အစေးခြစ်လျှင် ရောင်းရငွေ တစ်သိန်းခွဲရနေသူမှာ ယခု ရှစ်သောင်းကျပ်ခန့်သာရနေကြောင်း သိရသည်။

 

"အခု ရော်ဘာဈေးက သိသိသာသာထိုးကျနေတယ်။ ပုံမှန်ဈေးနဲ့စာရင် တစ်ဝက်နီးပါးကျနေတယ်။ ‌ဒီအလုပ်တစ်ခုထည်းကိုပဲ အမှီပြုနေတဲ့သူတွေအတွက်တော့ ဘယ်လိုမှအဆင်မပြေဘူး။ ခြံပိုင်တဲ့သူတွေတောင် အဆင်မပြေဘူးဆိုတော့ အခလုပ်တဲ့သူတွေ ဆိုပိုဆိုးတာပေါ့”ဟု နှစ်ပေါင်း ၄၀ ကျော် လုပ်ကိုင်လျက်ရှိသည့် ရော်ဘာခြံပိုင်ရှင်ဖြစ်သူ ဦးသိန်းနိုင်က ပြောသည်။

 

မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ရော်ဘာလုပ်ကိုင်သူများသည် ရော်ဘာအပြား၊ အစေးရည်နှင့် ဆွဲဖက်(ခွက်ကပ်) အမျိုးမျိုး ထုတ်လုပ်ရောင်းချကြပြီး၊ မြိတ်ရော်ဘာပေါက်ဈေးမှာ ရော်ဘာအဖွင့်၌ ရော်ဘာမှိုင်းခံအဆင့်(၃) တစ်ပိဿာလျှင် ငွေကျပ်(၃၀၅၀)ကျပ်နှင့် အစေးရည် (DRC100 ရာခိုင်နှုန်း) တစ်ပိဿာလျှင် ငွေကျပ်(၃၀၀၀)ကျပ်အထိ ဈေးရခဲ့ပြီး ဆွဲဖက်၊ ခွက်ကပ် တစ်ပိဿာလျှင်ငွေကျပ် (၁၅၅၀) ကျပ်ခန့်ရရှိခဲ့သော်လည်း၊ ယခုအခါရော်ဘာဈေးနှုန်းမှာ ရော်ဘာမှိုင်းခံအဆင့်(၃) တစ်ပိဿာနှင့် အစေးရည် (DRC 100 ရာခိုင်နှုန်း) တစ်ပိဿာလျှင် ငွေကျပ်(၁၇၀၀) ကျပ်နှင့် ဆွဲဖက် ခွက်ကပ်တစ်ပိဿာလျှင်ငွေကျပ် (၈၀၀)ကျပ်အထိ ဈေးနှုန်းထိုးကျခဲ့ကြောင်း ရော်ဘာစိုက်ပျိုး ထုတ်လုပ်ရောင်းချသူများထံမှ သိရသည်။

 

မြင့်ဉီး(မြိတ်)