မြိတ်မြို့နယ်၌ ယခုနှစ် မိုးစပါးစိုက်ရာသီတွင် လယ်ဧက ၄၂၄၉၃ ဧက စိုက်ပျိုးသွားမည်ဟုဆို

မြိတ် ၅ ဇူလိုင်

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်အတွင်း၌ ယခုနှစ် မိုးစပါးစိုက်ရာသီတွင် လယ်ဧကပေါင်း ၄၂၄၉၃ ဧကကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြိတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမြတ်စိုးက ပြောသည်။

 

ကျနော်တို့ဌာနက စပါးအထွက်နှုန်းတိုးအောင် အဓိကဦးစားပေး ဆောင်ရွက်နေတာက မျိုးကောင်းမျိုးသန့် မျိုးပွားစပါးတွေကို တောင်သူတွေ စိုက်ပျိုးနိုင်ဖို့ မျိုးကောင်းမျိုးသန့် ထုတ်လုပ်တဲ့စိုက်ခင်းတွေ ထူထောင်ပြီး မျိုးကောင်းမျိုးသန့်စပါးများ တောင်သူတွေရရှိဖို့ ဆောင်ရွက်နေပါတယ်။ ယခုနှစ် မိုးစပါးစိုက်ရာသီမှာတော့ မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၆)အုပ်စုမှာ မျိုးကောင်းမျိုးသန့် မျိုးပွားစိုက်ခင်းဧကပေါင်း ၁၇၀ ကျော်ခန့်ကို လုပ်ကိုင်ဆောင်ရွက်နေပါတယ်။ တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ စိုက်ဧကပေါင်း ၂၂၀ဝ၀ဝ ခန့်ရှိပါတယ်။ အဲဒီအထဲမှာ မြိတ်မြို့နယ်က စပါးစိုက်ဧကအများဆုံး ပါဝင်ပါတယ် ဟု မြို့နယ်စိုက်ပျိုးရေးဉီးစီးမှူး ဦးဝင်းမြတ်စိုးက ပြောသည်။

 

ရေလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိထား လုပ်ကိုင်လျက်ရှိသော တနင်္သာရီတိုင်းဒေသကြီးတွင် ဆန်စပါးဖူလုံမှုနည်းပါးသည့် ဒေသတစ်ခုဖြစ်ပြီး ဆန်ဖူလုံမှုမရှိသည့်အတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသော ဆန်များကို ဝယ်ယူစားသုံးနေရသည့်အတွက် ဒေသခံတောင်သူများကို စပါးအထွက်နှုန်းများ တိုးတက်မြင့်မားလာစေရန်၊ ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီသော စပါးမျိုးများကို စိုက်ပျိုးထုတ်လုပ်နိုင်စေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာပေးခြင်း၊ သင်တန်းများဖွင့်လှစ်ကာ အသိပညာပေးဟောပြောခြင်း၊ လက်တွေ့သရုပ်ပြပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မြိတ်မြို့နယ်တွင် မိုးစပါးများကို ကလွင်၊ စန္ဒဝတ်၊ ကျောက်ဖျာ၊ သစ်ယာဝ၊ ရေမြစ်ကြီး၊ သဘွတ်၊ ပင်းအို၊ အင်္ဂမော်၊ ပသောင်း၊ တောင်ဖီလာ၊ စလွန်း၊ မင်းသန်း၊ တောင်ရှည်၊ တောင်ညို၊ တညက်၊ မဇော၊ တုံဗျော စသည့်ကျေးရွာအုပ်စုများတွင် အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

 

ကျနော်တို့မြို့နယ်ကတော့ ဒေသဝမ်းစာဖူလုံရေးက (၈၅)ရာခိုင်နှုန်းလောက်ပဲရှိပါတယ်။ ရေမြေရာသီဥတုနဲ့ သင့်တော်တဲ့စပါးမျိုးအနေနဲ့ လက်ရှိအနေအထားမှာ ဆင်းသုခ၊ သီရိသုခစပါးမျိုး၊ နွေစပါးမှာဆိုရင်တော့ ရက် (၉၀) စပါးမျိုးတွေက ဈေးကွက်လည်းဝင်တယ်။ တောင်သူတွေအနေနဲ့ ရေမြေရာသီဥတုနဲ့ ကိုက်ညီတဲ့ ဒီလိုစပါးမျိုးတွေ စိုက်ပျိုးကြဖို့ နည်းပညာပေးတွေ၊ အသိပညာပေးတွေ ဆောင်ရွက်နေပါတယ် ဟု မြို့နယ်ဦးစီးမှူး ဦးဝင်းမြတ်စိုးက ပြောသည်။

 

မြိတ်မြို့နယ်တွင် ယခင်နှစ် မိုးစပါးစိုက်ရာသီအချိန်က စပါးစိုက်ဧက ၄၂၄၉၃ ဧကကို စိုက်ပျိုးခဲ့ပြီး တစ်ဧကစပါးထွက်နှုန်းမှာ တင်း (၇၀)ခန့် ထွက်ရှိခဲ့ကြောင့်နှင့် ယခုနှစ် မိုးစပါးစိုက်ရာသီတွင်လည်း စပါးစိုက်ဧက ၄၂၄၉၃ ဧကကို စိုက်ပျိုးသွားမည်ဖြစ်ပြီး စပါးတင်းပေါင်း သိန်း (၃၀) ကျော်ခန့် ထွက်ရှိရန် လျာထားကြောင်း မြိတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

မြင့်ဦး(မြိတ်)