မြိတ်မြို့တွင် ပြည်သူများ ယာဉ်မတော်တဆမှုကြောင့် အသက်အန္တရာယ် ဆုံးရှံးမှုမရှိစေရေးအတွက် ပညာပေးဆောင်ရွက်

မြိတ်  ၄   ဇူလိုင် 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မော်တော်ယာဉ် မော်တော်ဆိုင်ကယ်များဖြင့် သွားလာလျက် ရှိကြသော ပြည်သူများအား ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရ အသက်သေဆုံးမှု မရှိစေရေးအတွက် ဇူလိုင် ၃ ရက် ညနေပိုင်းက ကလွင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအရှေ့ တောရကျောင်းလမ်းတွင် အမှတ်(၇၆) ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပုဂ္ဂလိကယာဉ်များ ပြေးဆွဲရေး လုပ်ငန်းထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် အရန်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ ပညာပေးဆောင်ရွက်ခဲ့ကြသည်။

 

 “ပြည်သူများ ယာဉ်မတော်တဆမှုကြောင့် အသက်အန္တရာယ်ဆုံးရှုံးမှုမရှိစေရေးအတွက် မော်တော် ဆိုင်ကယ်စီးနင်းရာမှာ ဦးထုပ်ဆောင်းပြီး စီးနင်းကြရန်၊ ၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေအသစ်ကို သိရှိစေရန်၊ မော်တော်ယာဉ် ဥပဒေအသစ်တွင် အသစ်ပါဝင်လာသည့် မော်တော်ဆိုင်ကယ်များ နေ့ခင်းဘက်မီးဖွင့် မောင်းရန်နှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို လိုက်နာကြစေရန် ပညာပေးဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု အမှတ်(၇၆)ယာဉ်ထိန်းရဲတပ်ဖွဲ့ ယာယီတာဝန်ခံ ရဲအုပ် သူရထွန်း က ပြောသည်။

 

ပညာပေးဆောင်ရွက်ရာတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ဖြတ်သန်းသွားလာကြသည့် မော်တော်ကား မောင်းနှင်းသူ၊ မော်တော်ဆိုင်ကယ် စီးနင်းသူများကို ယာဉ်မောင်းနှင်သူများ လိုက်နာရန် စည်းကမ်းချက်များ၊ ‌၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ၊ မော်တော်ဆိုင်ကယ်စီးနင်းရာတွင် လိုက်နာရမည့်စည်းကမ်းချက်များပါ ပညာပေးလက်ကမ်း စာစောင်များကို ဖြန့်ဝေခဲ့ကြသည်။

 

ထို့အတူ ဖြတ်သန်းသွားလာသည့် မော်တော်ဆိုင်ကယ်စီးနင်းရာ၌ ဦးထုပ်မဆောင်းသူများအား ရပ်တန့် စေ၍ ပညာပေးသည့်အနေဖြင့် ဦးထုပ်ဝယ်ယူဆောင်းစေပြီးမှ ပြန်လည်မောင်းနှင်စေခဲ့သည်။ မြိတ်မြို့တွင် ၂၀၂၀ ပြည့်နှစ် မတ်လမှ ဇွန်လအထိ ယာဉ်တိုက်မှု(၅၅)မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ (၉၃)ဦးရှိခဲ့ကာ သေဆုံးသူ (၁၀)ဦးရှိကြောင်း အမှတ်(၇၆) ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

ခိုင်ထူး ( မြိတ် ပြန်/ဆက် )