မိတ္ထီလာ၌ (၆၄)ကြိမ်မြောက် ဓါတုပူဇနိယ ဓါတ်တော်ပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

မိတ္ထီလာ  ၂၄  ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာမြို့ ဝမ်းတော်ပြည့် ပရိယတ္တိ ပဋိပတ္တိ သာသနာပြုကျောင်းတိုက်၌ (၆၄)ကြိမ်မြောက် ဓါတုပူဇနိယ ဓါတ်တော်ပူဇော်ပွဲကို ဇန်နဝါရီလ ၂၈ ရက်နေ့မှ စတင်၍ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဝမ်းတော်ပြည့် ပရိယတ္တိ ပဋိပတ္တိ သာသနာပြုကျောင်းတိုက် မူလဓါတုဗိမာန်တော်ကြီးတွင် ထာဝရ သီတင်းသုံးကိန်းဝပ်တော်မူထသော ဗုဒ္ဓရဟန္တာအရိသာဝကအပေါင်းတို့၏ သာရီရိက ဓာတ်တော်မွေတော်၊ ဆံတော်၊ အံတော်၊ စွယ်တော်ပွားနှင့် မဟာဒုတ် ရွှေဆင်းတု ဗုဒ္ဓရုပ်ပွားတော်အဆူဆူအား ဆွမ်း၊ ဘောဇဉ် အဟာရ၊ သစ်သီး၊ ရေချမ်း၊ ပန်း၊ ဆီမီး၊ အမွှေးတိုင် ပူဇော်ခြင်း၊ ဆွမ်းတော်ကြီးကပ်လှူခြင်း၊ ဗုဒ္ဓဘိသေက အနေကဇာတင်ဓာတုပူဇာသဘင်ကျင်းပခြင်းနှင့် တရားဦး ဓမ္မစကြာ် ရွတ်ဖတ်ပူဇော်ခြင်းတို့ကို ဇန်နဝါရီလ ၂၈ နေ့မှ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

၎င်းအပြင် ဝမ်းတော်ပြည့် ပရိယတ္တိ ပဋိပတ္တိ သာသနာပြုကျောင်းတိုက်၏  ဂေါစရဂါမ်နယ်မြေများ ဖြစ်သည့် ကျီတော်ကုန်း၊ ကံဦး၊ မိတ္တဗလ၊ ဝမ်းတော်ပြည့်တိုးချဲ့၊ ပြည်သာယာတောင်၊ ပြည်သာယာမြောက် ရပ်ကွက်များနှင့်  မကျီးချောက်ကျေးရွာတို့မှ ဒေသခံများအပြင် နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများက သံဃာတော် (၁၀၈)ပါးတို့အား ဆွမ်းဆန်စိမ်း လောင်းလှူခြင်း၊ သံဃာတော် အပါး(၂၀ဝ)တို့အား ဆွမ်းဆပ်ကပ် လှူဒါန်းသွားမည်ဖြစ်သည်။ ယင်းအပြင် ဂေါစရဂါမ်နယ်မြေများအား ရွှေဆင်းတု ဗုဒ္ဓ ရုပ်ပွားတော်များ မဟာဒုတ်မဲဖောက် ချီးမြှင့်သွားမည်ဖြစ်ကြောင်း ဝမ်းတော်ပြည့် ပရိယတ္တိ ပဋိပတ္တိ သာသနာပြုကျောင်းတိုက်၏  အကျိုးတော်ဆောင် အဖွဲ့ထံမှ သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)