မိတ္ထီလာ၌ JICA ချေးငွေ ၃ ဒသမ ၂၅ ဘီလီယံဖြင့် ဆောက်လုပ်သော ရေသန့်စက်ရုံမှ အိမ်ထောင်စု ၄၅ဝဝ အား ဇူလိုင်လတွင် သောက်သုံးရေ စတင်ဖြန့်ဝေပေးနိုင်မည်

မိတ္ထီလာ  ၁၈   ဇန်နဝါရီ

 

မိတ္ထီလာ၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က  JICA ချေးငွေ ၃ ဒသမ ၂၅ ဘီလီယံဖြင့် ဆောက်လုပ်နေသော ရေသန့်စက်ရုံဆောက်လုပ်ခြင်း လုပ်ငန်း ၅ဝ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကာ လာမည့်ဇူလိုင်လတွင် အိမ်ထောင်စု ၄၅ဝဝ အား သောက်သုံးရေ စတင်ဖြန့်ဝေ ပေးနိုင်မည်ဖြစ်ကြောင်း စည်ပင်အမှုဆောင်အရာရှိ ဦးခင်မောင်တင် ထံက သိရသည်။

 

မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေနဲ့ JICA ချေးငွေရယူပြီး မြို့ရေပေးရေး လုပ်ငန်းတိုးချဲ့ဖို့အတွက် ဆောင်ရွက်တဲ့လုပ်ငန်းစဉ်ဖြစ်တဲ့ အမြင့်တင်ရေစင်ဆောက်လုပ်ခြင်း၊ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းနဲ့ ရေသန့်စင်ခြင်း စက်ရုံတည်ဆောက်ခြင်း လုပ်ငန်း စုစုပေါင်း လုပ်ငန်းနှစ်ရပ်မှာ လုပ်ငန်းတစ်ခုချင်းစီရဲ့  ၅ဝ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးသွားဖြစ်ပါတယ်။ လာမယ့် ဇူလိုင်လဆန်း ၁ ရက်နေ့မှာ စတင်ပြီးတော့  ရန်မျိုးအောင် ရပ်ကွက်၊ ဝန်ဇင်းရပ်ကွက်နဲ့  ပြည်ထောင်စုတိုးချဲ့နယ်မြေတို့မှာရှိတဲ့ အိမ်ထောင်စု ၄၅ဝဝ ကို သန့်စင်ပြီး သောက်သုံးရေဂါလံ ၇ သိန်း နေ့စဉ်ပေးဝေသွားနိုင်ဖို့ လျာထားဆောင်ရွက်နေတာဖြစ်ပါတယ်ဟု မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးခင်မောင်တင် က ပြောသည်။

 

အဆိုပါ ရေသန့်စင်စက်ရုံကို  ဝန်ဇင်းရပ်ကွက် မိတ္ထီလာမြောက်ကန် ကျောက်တံတားတောရကွေ့အနီး၌ ဆောက်လုပ်နေခြင်းဖြစ်ပြီး မိတ္ထီလာကန်ရေကို   သန့်စင်၍    မြို့ရေပေးဝေရေးလုပ်ငန်းတိုးချဲ့ ဆောင်ရွက်နိုင်ရန် ရည်မှန်းဆောင်ရွက်နေခြင်းဖြစ်ပြီး  ရေသန့်စင်စက်ရုံ ဆောက်လုပ်ပြီးစီးပါက  အဆိုပါရပ်ကွက် နယ်မြေများတွင် သန့်စင်ပြီးသောက်သုံးရေများ  နေ့စဉ်ပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။

ချမ်းသာ (မိတ္ထီလာ)