မိုးစပါးစိုက်ပျိုးရေ လုံလောက်စွာရရှိစေရန် တောင်မုန်းမြောင်းမကြီးအတွင်း ပိတ်ဆို့နေသော ရေမှော်ပင်များနှင့် အမှိုက်များရှင်းလင်း

ပွင့်ဖြူ  ၁၀  ဇူလိုင်

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများ စိုက်ပျိုးရေ လုံလောက်စွာရရှိရေးအတွက် တောင်မုန်းမြောင်းမကြီးအတွင်း ပိတ်ဆို့နေသော ရေမှော်ပင်များနှင့် အမှိုက်များကို ယနေ့ နံနက်ပိုင်းက ဆည်ရေ လုပ်သားအဖွဲ့ခေါင်းဆောင် ဦးညွန့်ဝင်းနှင့်အဖွဲ့မှ ဖယ်ရှားရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေ အပြည့်အဝရရှိစေရေးအတွက် မဲဇလီဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှ တစ်ဆင့် ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိရာ မိုးစပါးစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ စိုက်ပျိုးရေအဆင်ပြေစွာ ရယူသုံးစွဲနိုင်ရေးအတွက် တောင်မုန်းမြောင်းမကြီးအတွင်း ပိတ်ဆို့နေသော ရေမှော်ပင်များနှင့် အမှိုက်များကို ရှင်းလင်း ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။

 

ယခုနှစ် မိုးစပါးသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီဆည်ရေဖြင့်  ပွင့်ဖြူမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးဧက ၇၁၀၈၇ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ပြီး တောင်သူများ စိုက်ပျိုးရေနှင့် သီးနှံအောင်ရေ အပြည့်အဝရရှိစေရေးအတွက် မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ရဲဝင်းနိုင်(ညောင်ဦး)