မိုးစပါးသီးနှံအောင်ရေ အပြည့်အဝ ဖြန့်ဝေပေးနိုင်ရေး ရေပေးမြောင်းများရှိ ပိတ်ဆို့နေသော ရေမှော်ပင်များအား စုပေါင်းဖယ်ရှားရှင်းလင်း

ပွင့်ဖြူ ၂၈ နိုဝင်ဘာ      

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ တောင်သူများ စိုက်ပျိုးရေအပြည့်အဝ ရရှိစေရေးအတွက် မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီး နှင့် မြောက်မုန်းမြောင်းမကြီးတို့မှတစ်ဆင့် ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိရာ တောင်သူများ စိုက်ပျိုးရေ အဆင်ပြေစွာ ရယူသုံးစွဲနိုင်ရေးအတွက် နိုဝင်ဘာ ၂၈ ရက်၊ ယနေ့နံနက်ပိုင်းက ဆည်ရေလုပ်သား အဖွဲ့ခေါင်းဆောင် ဦးသက်ဇော်ဦးနှင့် အဖွဲ့က တောင်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာရှိ ရေလက်တံ(၁၄)မြောင်းအတွင်းရှိ  ပိတ်ဆို့နေသော ရေမှော်ပင်များအား စုပေါင်းဖယ်ရှားရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေနှင့် သီးနှံအောင်ရေ အပြည့်အဝ ရရှိစေရေးအတွက် မြို့နယ်ဦးစီးအရာရှိ ဦးရဲထွဋ်အောင်၏ ကြီးကြပ်မှုဖြင့် ဆည်ရေလုပ်သားများအဖွဲ့က ရေလက်တံမြောင်းများ ရေစီးရေလာကောင်းမွန်ရေး စဉ်ဆက်မပြတ် ကြပ်မတ် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။ ယနေ့နံနက်ပိုင်းက တောင်သူများ သီးနှံများစိုက်ပျိုးရာတွင် စိုက်ပျိုးရေ အဆင်ပြေစွာ ရယူသုံးစွဲနိုင်ရေးအတွက် ဆည်ရေလုပ်သားအဖွဲ့ခေါင်းဆောင် ဦးသက်ဇော်ဦးနှင့် အဖွဲ့ဝင်များက တောင်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာ ရေလက်တံမြောင်း(၁၄)ရှိ ပိတ်ဆို့နေသော ရေမှော်ပင်များနှင့် ရေလက်တံမြောင်းဘောင်တစ်လျှောက် ခြုံနွယ်ပိတ်ပေါင်းများကို တောင်သူအကျိုးပြု စုပေါင်းဖယ်ရှား ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  

 

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင်လည်း  မိုးစပါးစိုက်ဧက ၇၁၀၈၇ ဧက လျာထား စိုက်ပျိုး ဆောင်ရွက်ထားရှိကြောင်းနှင့် စိုက်ပျိုးရေဖူလုံစွာ ဖြန့်ဝေပေးနိုင်မှုကြောင့် တောင်သူများ စိုက်ပျိုးထားရှိသည့် မိုးစပါးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။ 

ရဲဝင်းနိုင် (ပြန်/ဆက်)