မိုးကောင်းတွင် ယခုနှစ်ဖရဲသီးအထွက်နှုန်းများကျဆင်း

မိုးကောင်း ၁၇ မတ်

 

 

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်တွင် ယခုနှစ်ဖရဲစိုက်ခင်းများမှ ဖရဲသီးအထွက်နှုန်း ယခင်နှစ်များထက် အထွက်နှုန်းကျဆင်းခြင်းနှင့် အသီးအရွယ်အစားသေးငယ်ခြင်းများ ဖြစ်ပေါ်နေကြောင်း ဖရဲစိုက်ခင်းလုပ်ကိုင်သူ များထံမှ သိရှိရသည်။

 


မိုးကောင်းမြို့နယ်တွင် ဖရဲသီးစိုက်ခင်းများကို လေးမိုင်ကျေးရွာ၊ ညောင်ထောက်ကလေးကျေးရွာ၊ အောင်မင်္ဂလာ ကျေးရွာ၊ ရေရှင်ကျေးရွာ၊ နန့်ကောင်းချောင်းဆုံ ကုန်းမြင့်နေရာများနှင့် ပေါင်ခေါင်ကွင်းတို့တွင် စိုက်ပျိုးကြရာ ယခုနှစ်၌ အပင်မျိုးစေ့မအောင်မြင်သောကြောင့် အသီးအထွက်နှုန်း ယခုနှစ်ဖရဲစိုက်တောင်သူ လျော့နည်း သွားကြောင်းသိရသည်။

 

 

 

 

"လယ်မြေနှစ်ဧကမှာ မိုးကာသုံးလိပ်စိုက်ထားတာ ထော်လာဂျီလေးစီးတော့ ဆွတ်ပြီးပြီ။ ဒီနှစ်ရှုံးမလား မြတ်မ လားတော့ မသိသေးဘူး၊ မိုးနည်းတော့ အသီးအကြီးကြီးတွေသိပ်မရဘူး။ သီတင်းကျွတ်ကတည်းက စိုက်ထား တာ၊ အထွက်နောက်ကျနေတာ"ဟု ညောင်ထောက်ကလေး ဖရဲစိုက်တောင်သူ မညွန့်မေက ပြောကြားခဲ့သည်။

 

 

အချို့တောင်သူများသည် သီးနှံပေါ်စအချိန်တွင် အသီးများကို ဈေးကောင်းရသော ဖားကန့်မြို့သို့ သွားရောက် ရောင်းချကြ၍ အချို့တောင်သူများမှာ ကိုယ်တိုင်သော်လည်းကောင်း၊ တစ်ဆင့်ပြန်လည်ရောင်းချသူ ထံသို့ လည်းကောင်း ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

 

 

 

 

မိုးကောင်းမြို့နယ်တွင် ဖရဲသီးစိုက်ခင်းလုပ်ကိုင်ခြင်းကို လွန်ခဲ့သည့် ၁၀နှစ်ခန့်မှ စတင်လုပ်ကိုင်ခဲ့ကြပြီး နှစ်စဉ် အပင်မျိုးစေ့ကို တရုတ်နိုင်ငံမှ ဝယ်ယူစိုက်ပျိုးကြကြောင်း သိရသည်။
ဖရဲသီးသည် သွေးတိုးနှုန်းမြင့်မားမှုကို ထိန်းချုပ်နိုင်ပြီး ကိုယ်ခန္ဓာဝဖြိုးလာခြင်းလျှော့ချပေးကာ မျက်စိအမြင် ဓာတ်အားကောင်းစေနိုင်ကြောင်း၊ ထို့ပြင် ကိုယ်ခန္ဓာအတွက် ရေဓာတ်အားဖြည့်ပေးသောကြောင့် ကျောက်ကပ် ကောင်းမွန်စေရန် အထောက်အကူပြုသဖြင့် ဝယ်ယူစားသုံးကြကြောင်း လေ့လာချက်အရ သိရှိရသည်။

 

 

ဖရဲသီး စားသုံးသူများပြား၍ ဖရဲသီးပေါ်ချိန် တစ်ရာသီလျှင် နှစ်လသုံးလခန့် ရောင်းချရပြီး အကျိုးအမြတ် အထိုက် အလျောက် ရရှိသဖြင့် ဖရဲသီး လက်လီရောင်းချသူ များပြားကြောင်း သိရှိရသည်။

 

 

ဦးမင်းမင်းဦး(EPN)