မိုးနဲမြို့ ပြည်သူ့စာကြည့်တိုက် ခန်းမ၌ စတုတ္ထတန်း သင်္ချာရေးဖြေစွမ်းရည်ပြိုင်ပွဲ ကျင်းပ

မိုးနဲ   ၂၇  ဇန်နဝါရီ  

 

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် ပညာရေးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းတို့ ပူးပေါင်းကာ ကျောင်းသားကျောင်းသူလေးများ သင်္ချာဉာဏ်ရည် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြို့နယ်အဆင့် စတုတ္ထတန်း သင်္ချာရေးဖြေစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးထက်က အဖွင့်အမှာစကား ပြောကြားပြီး ရင်ခွင်မဲ့ ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း ဒုတိယဥက္ကဌ မြို့နယ် ပညာရေးမှူး(ငြိမ်း) ဦးတိုးလှက ပြိုင်ပွဲရည်ရွယ်ချက်များနှင့်  အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

 

အဆိုပါ စတုတ္ထတန်းသင်္ချာ ရေးဖြေစွမ်းရည်ပြိုင်ပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ စတုတ္ထတန်း ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၂ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး စာမေးပွဲကြီးကြပ်သူများအဖြစ် အခြေခံပညာကျောင်းများမှ ဆရာ ဆရာမ ငါးဦးတို့က ဆောင်ရွက် ပေးကာ ထူးချွန်စွာဖြေဆိုနိုင်သူ ငါးဦးအား (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဂု‌ဏ်ပြုမှတ်တမ်းလွှာနှင့် ဆုများပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မျိုးညွန့်ရွှေ(မိုးနဲ)