မိုးနဲမြို့၌မွေးမြူရေး ဘဏ်စနစ်ဖြင့် ဒေသနွား (နွားပြာစိမ်း) များ ကျေးရွာသို့ လွှဲပြောင်းပေးအပ်

မိုးနဲ ၁၀ ဇူလိုင်     

 

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ် ဘဏ္ဍာ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (မွေးမြူရေးဘဏ်စနစ်)ဖြင့် နွားမျိုးကောင်းမျိုးသန့် လွှဲပြောင်း ပေးအပ်ခြင်းနှင့် အသင့်ရောစပ်ပြီး နွားစာတောင့်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်  ၁၀ နာရီက နားခံကျေးရွာအုပ်စု ဝမ်ယေးကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

  

အခမ်းအနားတွင်  မိုးနဲမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်မျိုးထက်က အဖွင့်အမှာစကား ပြောကြားပြီး လင်းခေးခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ စိုင်းမြကြွယ်က တောင်သူများအား နွားမျိုးကောင်းမျိုးသန့် ထောက်ပံ့ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။ ယင်းနောက် သက်ဆိုင်ရာ တာဝန်ရှိသူများက မွေးမြူသူများအား နွားမျိုးကောင်း မျိုးသန့် ထောက်ပံ့ပေးအပ်ခြင်း မှတ်တမ်းများကို လွှဲပြောင်းပေးအပ်ပြီး နွားမွေးမြူရာ တွင် နွားစာအဖြစ်  နွားစာတောင့်အိတ် ၄၂ အိတ်၊ မွန်ဘားဆားမြက်မျိုး နှစ်ကီလိုကို တစ်ပါတည်း လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ထောက်ပံ့ ပေးအပ်သည့် နွားထီး တစ်ကောင်နှင့် နွားမအကောင် (၂၀) စုစုပေါင်း (၂၁) ကောင်တို့ကို မိုးနဲမြို့နယ် နားခံကျေးရွာအုပ်စု ဝမ်ယေးကျေးရွာရှိ မွေးမြူသူတောင်သူ အိမ်ထောင်စု ၁၁ စုထံ ကျေးရွာ ကော်မတီမှတစ်ဆင့် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

                                                                                                                        

မျိုးညွန့်ရွှေ (ပြန်/ဆက်)