မိုးနဲမြို့နယ်၌ မဲဆန္ဒရှင်ပြင်ပရောက် ကြိုတင်ဆန္ဒမဲပုံးများကို လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်တပ်ဆင်ခြင်း ဆောင်ရွက်

မိုးနဲ ၂၂ အောက်တိုဘာ

 

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် မဲဆန္ဒ နယ်ပြင်ပရောက် ကြိုတင်ဆန္ဒမဲလက်မှတ်များ ထည့်ရန်မဲပုံးများကို ယနေ့နံနက် ၉ အချိန်က လင်းခေးခရိုင် မိုးနဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ခန်းမ၌ ချိတ်ပိတ်တပ်ဆင်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဌေးညွန့်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနီဝင်းက ကြိုတင်ဆန္ဒမဲပုံး နှင့်စပ်လျဉ်း၍လုံခြံရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ အတွင်းရေးမှူး ဦးအောင်ကိုဝင်းက မြို့နယ်မဲဆန္ဒနယ်ပြင်ပရောက် ပြည်တွင်းနှင့် ပြည်ပ မဲဆန္ဒရှင် များ၏ ကြိုတင်ဆန္ဒမဲလက်မှတ်များအခြေအနေကိုလည်းကောင်း ရှင်းလင်းပြောကြားရာ တက်ရောက်လာသော နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။

 

ထို့နောက် ကြိုတင်မဲပုံးများ၏ လုံခြုံရေးကြိုးကုတ်နံပါတ်များကို ကြေညာမှတ်သားစေခြင်း၊  ကြိုတင်မဲပုံးများကို လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ရှေ့တွင်မဲပုံးအလွတ်ဖြစ်ကြောင်း ပြသခြင်း၊ မဲပုံးတိပ်ကပ်ခြင်းနှင့် လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်တပ်ဆင်ခြင်းများဆောင်ရွက်ခဲ့ကြသည်။

 

မိုးနဲမြို့နယ်တွင် သက်ဆိုင်ရာမဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်ပုံစံ(၁-၁) ၆ ဦး၊ ပုံစံ(၁-၂) ၆၂၉ ဦးနှင့် ပြည်ပရောက် မဲဆန္ဒရှင် ပုံစံ(၁-၃) ၄၇ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

 

မျိုးညွန့်ရွှေ (ပြန်/ဆက်)

 

mdn