မိုးနှောင်းနှမ်းများ မြို့ပေါ်ပွဲရုံအသီးသီးသို့ အများအပြား လာရောက်ရောင်းချ

မြင်းမူ   ဒီဇင်ဘာ   ၇

 

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ပေါ်ရှိ ပွဲရုံအသီးသီးတွင် လက်ရှိအချိန်၌ မိုးနှောင်းနှမ်းများ လာရောက်ရောင်းချသည့် တောင်သူအများအပြား ရှိနေကြောင်း သိရှိရသည်။

 

လာရောက်ရောင်းချလျက်ရှိသည့် နှမ်းများမှာ တော်သလင်းလတွင် စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး နတ်တော်လတွင် ရိတ်သိမ်းရောင်းချရကြောင်း၊ နှမ်း တစ်ဧက စိုက်ပျိုးရန် နှမ်းမျိုး ရှစ်ပြည်မှ ၁၀ ပြည်၊    ထွန်ရှင်းခ၊ လုပ်အားခ၊ ဆေးဝါးခမှအစ ကုန်ကျငွေ ခန့်မှန်း၂၅၀၀၀၀ ကျော် ကုန်ကျကြောင်းနှင့် ဈေးပိုမိုရရှိသည့် နှမ်းအနက်ကို အများအပြား စိုက်ပျိုးကြကြောင်း၊ တစ်ဧက အထွက်နှုန်းအနေဖြင့် မြေအမျိုးအစားပေါ် မူတည်၍ ၁၅ တင်းမှ တင်း ၂၀ ထိ ထွက်ရှိကြောင်း၊ နှမ်းအမျိုးအစားပေါ်မူတည်၍ နှမ်းဖြူ တစ်တင်းလျှင် ငွေကျပ် ၅၀၀၀၀ ကျော်နှင့် နှမ်းနက် တစ်တင်းလျှင် ငွေကျပ် ၆၀၀၀၀ ကျော်ထိ ပွဲရုံများက ဝယ်ယူလျက်ရှိကြောင်း ထိန်ကန်ကျေးရွာနေ ဦးဇင်ကိုထံမှ သိရှိရသည်။

 

မြင်းမူမြို့နယ်ရှိ ဒေသခံတောင်သူများအနေဖြင့် မိုးနှောင်းနှမ်း ၃၆၁၀၀ ဧက စိုက်ပျိုးရန် လျာထားခဲ့‌သော်လည်း ၃၇၄၁၁ ဧကကို စိုက်ပျိုးနိုင်ခဲ့သောကြောင့် စိုက်ဧက ၁၃၁၁ ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

 

 

အောင်စိုးဖေ(မြင်းမူ)