မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းအဖွဲ့၏ (၂၃)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်   ၂၃  ဇန်နဝါရီ  

 

မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းအဖွဲ့၏ (၂၃)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။

 

အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက အမှာ စကားပြောကြားပြီး တက်ရောက်လာကြသူများက ယခင်ဆွေးနွေးပွဲရလဒ်များကို ဆောင် ရွက်ထားမှုများ၊ ထိခိုက်ခံစားရသူများကို ကူညီထောက်ပံ့ရေး၊ မိုင်းကြောင့် ထိခိုက်ခံစားရသူ များကို ကူညီထောက်ပံ့ခြင်းဆိုင်ရာ စံလုပ်ငန်းလမ်းညွှန်(SOP) ရေးဆွဲနိုင်ရေး၊ အမျိုးသား အဆင့် မိုင်းကင်းစင်ရေးအာဏာပိုင်အဖွဲ့ ဖွဲ့စည်းနိုင်ရေး၊ မဟာဗျူဟာများ ရေးဆွဲချမှတ်နိုင်ရေးတို့ကို အကြံပြုဆွေးနွေးကြသည်။

 

မြန်မာနိုင်ငံ၌ လက်နက်ကိုင်ပဋိပက္ခဖြစ်သည့် ဒေသများရှိ ဒေသခံပြည်သူများအနေဖြင့် ဒေသလုပ် မြေမြုပ်မိုင်းများ၊ တိုက်ပွဲဖြစ်ပွားပြီးကျန်နေခဲ့သည့် ပေါက်ကွဲစေတတ်သည့် စစ် ကျန်ပစ္စည်းများ၏ အန္တရာယ်ခံစားနေရသည့် ပြည်သူများအတွက် မိုင်းအန္တရာယ်အသိပညာ ပေးလုပ်ငန်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာန (၁၁)ခု၊ နိုင်ငံတကာအဖွဲ့အစည်း(၄၀)ခန့်တို့နှင့် ပူးပေါင်းပြီး ၂၀၁၅ ခုနှစ်တွင် မိုင်းအန္တရာယ်အသိပညာပေးရေးလုပ်ငန်း သာမက မိုင်းကြောင့် ထိခိုက်ခံစားရသူများကို ကူညီထောက်ပံ့ခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့သည်။

 

၂၀၁၉ ခုနှစ်အတွင်း မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများကြောင့် စုစုပေါင်း (၂၂၁) ဦး ထိခိုက်ခံစားခဲ့ရပြီး နိုင်ငံခြားသား တစ်ဦး အပါအဝင် (၅၇)ဦး အသက်ဆုံးရှုံးခဲ့ကြောင်း ယင်းအစည်းအဝေးမှ သိရသည်။

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် မိုင်း ကြောင့် ထိခိုက်ခံစားရသူများကို ကူညီထောက်ပံ့ခြင်းနှင့် လူမှုဘဝပြန်လည်ဝင်ဆံ့နိုင်ရေး အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မိုင်းကြောင့် ထိခိုက်ဒဏ် ရာရသူ ၅၅၉ ဦးအတွက် တစ်ဦးလျှင် ထောက်ပံ့ကြေး ငွေကျပ်()သိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၁၁၁၈ သိန်းကို ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

 

သန့်ဇော်