မိုင်းဆတ်မြို့၌ နေအိမ်မီးရှို့မှုဖြစ်ပွား

မိုင်းဆတ်  ၃၀  နိုဝင်ဘာ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့၊ မယ်ဆွမ်မြောက်ရပ်ကွက်၊ နတ်သျှင်နောင်လမ်း၌ ယမန်နေ့ ည ၆ နာရီ မိနစ် ၄၀ ခန့်က နေအိမ်မီးရှို့မှုဖြစ်ပွား၍ နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မယ်ဆွမ်မြောက်ရပ်ကွက်၊ နတ်သျှင်နောင်လမ်းတွင် နေထိုင်သူ ဦးစိုင်းတေယ(ခ) စိုင်းရွက်ထူးသည် နေအိမ်တွင် တစ်ဦးတည်းရှိနေစဉ် ကြည့်ရှုစောင့်ရှောက်ခြင်းမရှိသော ဇနီးနှင့် သားသမီး တို့အားစိတ်ဆိုး၍ ဒေါသအလျောက် အိပ်ခန်းများရှိမွေ့ယာ/ကုတင်များအား မီးရှို့ဖျက်စီးရာမှ မီးစတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

 

မီးလောင်မှုကြောင့် (၄၅)ပေပတ်လည်၊ RC (၂)ထပ်၊ သွပ်မိုး၊ ကွန်ကရစ်ခင်း တိုက်အိမ်အောက်ထပ်ရှိ အိပ်ခန်း (၁)ခန်း၊ အပေါ်ထပ်ရှိ အိပ်ခန်း(၃)ခန်းမှ မွေ့ယာ/ကုတင်၊ အသုံးအဆောင်ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ပြီး မီးလောင်မှုဖြစ်ပွားရာ သို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ဌေးလှိုင်၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်နိုင်ဝင်း ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၃၂)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၀)ဦး၊ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ ရေသယ်ယာဉ်တစ်စီး၊ အုပ်ချုပ်မှုယာဉ်တစ်စီးနှင့် ရပ်ကွက်နေပြည်သူ (၅၀)ဦးခန့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည(၇)နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း သိရသည်။

 

ဖြစ်စဉ်မှ ဦးစိုင်းတေယ(ခ) စိုင်းရွက်ထူးအား မိုင်းဆတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)