မိုင်းယောင်းတွင် ခရမ်းချဉ်သီးများ စျေးကောင်းရ၍ တောင်သူများပျော်ရွှင်

မိုင်းယောင်း၊ ၂ ဇန်နဝါရီ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ရာသီချိန်ထွက်ရှိလာသည့် ခရမ်းချဉ်သီးများ ပေါ်ဦးပေါ်ဖျားကာလတွင် အဖွင့်စျေးကောင်းရသဖြင့် တောင်သူများ ပျော်ရွှင်လျက်ရှိကြောင်း သိရသည်။

 

မိုင်းယောင်းတွင် ခရမ်းချဉ်သီးကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးပြီး ထွက်ပေါ်လာသည့်အချိန်တွင် တစ်ပိဿာလျှင် ကျပ် ၈၀၀ မှ ကျပ် ၁၀၀၀ အထိ ရောင်းရကြောင်း၊ အိမ်အရောက် ပို့ဆောင်ပေးရပါက ကျပ် ၁၀၀၀ မှ ၁၁၀၀ ကျပ်အထိ ရရှိကြောင်း ခရမ်းချဉ်သီးစိုက် တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

 

အဆိုပါသီးနှံ၏ အထွက်နှုန်းမှာ ရာသီဥတု၊ မျိုးကောင်းမျိုးသန့်အပေါ် မူတည်ကြောင်း၊ ဒေသခံတောင်သူများ၏ သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သည့် နည်းပညာများကို စိုက်ပျိုးရေးဝန်ထမ်းများက ပံ့ပိုးကူညီဆောင်ရွက်ပေးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

စိုင်းအောင်ဇော်လင်း