မိုးညှင်းမြို့နယ်အတွင်း ဖွင့်လှစ်ဆောင်ရွက်မည့် မဲရုံပေါင်း ၁၀၆ ရုံတွင် အသုံးပြုရန် မဲရုံသုံးပစ္စည်းများ ထုတ်ပေး

မိုးညှင်း   ၂၅      အောက်တိုဘာ

 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မိုးညှင်းမြို့နယ်အတွင်း ဖွင့်လှစ်ဆောင်ရွက်မည့် မဲရုံပေါင်း ၁၀၆ရုံအတွက် မဲရုံသုံး ပစ္စည်းများ ထုတ်ပေးခြင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ အောက်တိုဘာ ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့များတွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများသို့ ထုတ်ပေးခဲ့ကြောင်း သိရသည်။

 

မဲရုံသုံးပစ္စည်း ထုတ်ပေးခြင်း (ပထမနေ့) အောက်တိုဘာ ၂၄ရက်နေ့တွင် အင်းတော်ကြီးမြို့၊နန့် မွန်းမြို့နှင့် ဟိုပင်မြို့များရှိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများသို့ မဲရုံ ၅၇ ရုံအတွက် မဲရုံသုံးပစ္စည်းများ ထုတ်ပေးခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် နန်းမားမြို့၊ မိုးညှင်းမြို့နယ်နှင့် မော်ဟန်ဒေသရှိ ရပ်ကွက်/ကျေးရွာ အုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ရုံးများသို့ မဲရုံ ၄၉ ရုံအတွက် မဲရုံသုံးပစ္စည်းများကို ဆက်လက်ထုတ်ပေးခဲ့ကြသည်။

 

အဆိုပါ မဲရုံသုံးပစ္စည်းများ ထုတ်ပေးရာတွင် စနစ်တကျ ရှိစေရေးနှင့် မှားယွင်းမှုမရှိစေရန် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစံအေးနှင့်တာဝန်ရှိသူများက အနီးကပ် ကြီးကြပ် လမ်းညွှန်၍ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ (၆၀)ရှိ မဲရုံပေါင်း ၁၀၆ရုံအတွက် (၂)ရက်ခွဲ၍ စနစ်တကျ ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ကျော်ကျော်ထွေး(မိုးညှင်း)