မိုးညှင်းမြို့ရှိ မီးရထားဘူတာရုံတွင် ခရီးသည်များအား ကိုယ်အပူချိန်တိုင်းတာစစ်ဆေး

မိုးညှင်း ၂၇ မတ် 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကြိုတင်ကာကွယ်ရေးအနေဖြင့် မီးရထားဘူတာရုံတွင် ခရီးသည်များအား အပူချိန်တိုင်းတာ စစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ဆောင်ရွက်ခဲ့သည်။

မြို့နယ်စီမံခန့်ခွဲရေးကော်မတီမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဌာနနှင့် လူမှုရေးအသင်းအဖွဲများမှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့မွန်းလွဲပိုင်းတွင် မိုးညှင်းဘူတာသို့ ဆိုက်ရောက် သည့် အမှတ်၅၆အစုန် အထူးအမြန်ရထားဖြင့် စီးနင်းလိုက်ပါလာကြသည့် ခရီးသွားပြည်သူများနှင့် စီးနင်း လိုက်ပါမည့် ခရီးသွားများအား ကိုယ်အပူချိန် စစ်ဆေးခြင်းနှင့် COVID-19ရောဂါနှင့်ပတ်သက်၍ လိုက်နာ ဆောင်ရွက်ရန် လိုအပ်မည့်အချက်များကို ဆွေးနွေးဟောပြောခဲ့ကြသည်။

 

‌ေ

 

မြို့နယ်အတွင်း COVID-19 ရောဂါ ဖြစ်ပွားမှုမရှိစေရန် ပညာပေးလုပ်ငန်းများနှင့် ကြိုတင် စီမံခန့်ခွဲ ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်အတွင်း အချက်အချာကျသော နေရာများတွင် COVID-19နှင့်ပတ်သက်၍ အသိပညာပေး ဗီနိုင်းစိုက်ထူခြင်း၊ ရောဂါကူးစက်ဖြစ်ပွားလာပါက သီးသန့်လူနာ ၂၅၅ ဦး ထားရှိရန် နေရာ၆နေရာ ကိုလည်း ကြိုတင်စီမံဆောင်ရွက်ထားရှိကြောင်း မြို့နယ်စီမံခန့်ခွဲရေးကော်မတီထံမှ သိရသည်။

မိုးညှင်းခရိုင်ပြည်သူ့ဆေးရုံကြီးတွင်လည်း ရောဂါသံသယလူနာထားရှိရန် သီးသန့်လူနာခန်းအပြင် အဆိုပါ စောင့်ကြည့်လူနာခန်းတွင် တာဝန်ထမ်းဆောင်နိုင်ရန် ဝန်ထမ်းများကိုလည်း အပတ်စဉ် ဂျူတီတာဝန်များ ခွဲဝေချထားကြောင်း နှင့် မိုးညှင်းပြည်သူ့ဆေးရုံတွင် အဆိုပါရောဂါနှင့်ပတ်သက်၍ မတ် ၂၇ ရက်အထိ စောင့်ကြည့်လူနာ တစ်ဦးတစ်ယောက်မျှ မရှိသေးကြောင်း မိုးညှင်းခရိုင်ဆေးရုံအုပ်ကြီးထံမှ သိရသည်။

ကျော်ကျော်ထွေး(မိုးညှင်း)