မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  ၂၉  နိုဝင်ဘာ  

နိုဝင်ဘာ ၂၈ ရက် ညနေ ၆ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဘားအံမြို့နယ်၊ ကျားကလေးကျေးရွာအနီး၊ ဂျိုင်း-အိန္ဒု သွားကားလမ်းတွင် အောင်တင်ဝင်း(ခ)ဘသော် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၀၄၀ ကို  သိမ်းဆည်း ရမိခဲ့ပြီး ၎င်းနေထိုင်သည့် ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ သီရိရတနာ (၁)လမ်းရှိနေအိမ်ကို ဆက်လက်ရှာ ဖွေရာ စိတ်ကြွရူးသွပ်ဆေး ပြား ၂,၂၀၀ ထပ်မံသိမ်းဆည်းရမိခဲ့သည်။

အလားတူ နိုဝင်ဘာ ၂၇ ရက် ည ၉ နာရီ ၄၅ မိနစ်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ကျိုင်းတုံမြို့၊ အမှတ်(၁)ရပ်ကွက်တွင် အားဖူ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ကိုလည်းကောင်း၊ ထို့အတူ နိုဝင်ဘာ ၂၈ ရက် နံနက် ၁၁ နာရီခွဲက မူးယစ် ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဖတ်ဟိ(အောက်) ကျေးရွာအနီးတွင် အားရဲ(ခ)အားမြာ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၀၄၄ ကီလိုသိမ်းဆည်းရမိခဲ့ပြီး ၎င်း၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၂ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁,၀၀၀ ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ ည ၈ နာရီခွဲက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ဖယ်ခုံမြို့နယ်၊ ကွမ်လုံကျေးရွာနှင့် ခေါင်းမိုင်းကျေးရွာကြား၊ ဖယ်ခုံ-မိုးဗြဲသွားကားလမ်းတွင် မော်တော်ယာဉ်အား စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ယာဉ်မောင်း(စိစစ်ဆဲ)မှာ လမ်းဘေးလျှို အတွင်းသို့ ထွက်ပြေးသွားသောကြောင့် မော်တော်ယာဉ်အား စစ်ဆေး ရှာဖွေရာ ဘိန်းစိမ်း ၂၂၅ ကီလိုကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထား ကြောင်း သိရသည်။

(ရဲပြန်ကြား)