မြို့နယ်အချို့တွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော် ၁၈ စက်တင်ဘာ

ပြ‌ည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ချက်အရ စက်တင်ဘာ ၁၅ ရက်မှ ၁၇ ရက်အတွင်း သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ကျောက်ဆည်မြို့နယ်၊ ဟံမြင့်မိုရ်-ရွာငံကားလမ်း၊ ကင်းကျေးရွာအနီးနေရာ၌ (၆)ဘီးယာဉ်ပေါ်မှ တရားမဝင် အင်ကြင်းခွဲသား (၃)တန်နှင့် တရားခံ(၄)ဦး၊ ပန်းတောင်းမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာ၏ အနောက်မြောက်ဘက် (၂)မိုင်ခန့်အကွာ၊ ညောင်ခြေထောက်အပတော၊ ကျောက်ထုတ်လုပ်ကွက်ဟောင်းအနီး တောအတွင်းမှ တရားမဝင် ကျွန်း/ ပျဉ်းကတိုးခွဲသား တန် (၈၀)ခန့်၊ မင်းကင်းမြို့နယ်၊ ယားကျေးရွာ ရှေ့မြောက်ဘက် (၁)မိုင်ခန့်အကွာနေရာနှင့် ချင်းတွင်းမြစ်အတွင်း နေရာတို့မှ တရားမဝင် အင်/ သစ်ယာ/ သရက်သစ်/ ခွဲသား/ ခွဲခြမ်း (၁၃)တန်၊ မင်းကင်းမြို့နယ်၊ ချင်းတွင်းမြစ်အတွင်း သံပေါက်ချောင်းဘေးနေရာ၌ တရားမဝင် အင်ခွဲသား (၇)တန်တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့သည်။

ထို့အပြင် ပင်လည်ဘူးမြို့နယ်၊ ခေါက်စင်းကျေးရွာအုပ်စု၊ တပ်ကုန်းကျေးရွာအဝင် ကျန်းမာရေးစစ်ဆေးရေး စခန်းနေရာ၌ ယာဉ်ပေါ်မှ တရားမဝင် တမလန်းခွဲသား (၃)တန်အား တရားခံ(၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

ညီညီသန်း(နေပြည်တော်)