မြို့ပြနေ ပြည်သူတစ်ဝက်ခန့်သည် အကြွေးဝယ်ကတ်များနှင့် အာမခံထားရှိခြင်း အကြောင်းကို သိရှိခြင်းမရှိသေးဟုဆို

mdn

ရန်ကုန် ၁၃ ဇွန်

 

မြန်မာပြည်သူတို့အနေဖြင့် ဘဏ်စနစ်အပေါ် ယုံကြည်မှုရှိသော်လည်း ခေတ်မီငွေကြေးဆိုင်ရာ အသိပညာဗဟုသုတများ လိုအပ်မှုနှင့်အတူ ဒီဂျစ်တယ်နည်းပညာဖြင့် ငွေပေးချေရာ၌ Visa ကုမ္ပဏီမှ ငွေကြေးစီမံခန့်ခွဲမှုနှင့် ပတ်သက်၍ လေ့လာဆန်းစစ်ထားသည့် ငွေကြေးဆိုင်ရာ ပညာရေးစာတမ်းအား မိတ်ဆက်အခမ်းအနားကို ယနေ့ မွန်းလွဲ(၂)နာရီခွဲက ရန်ကုန်မြို့ PARKROYAL Hotel တွင် ကျင်းပခဲ့ကြောင်း သိရသည်။

 

ငွေကြေးဆိုင်ရာ အသိပညာပေးခြင်းသည် ပြည်သူတို့၏ လူနေမှုဘဝကို မြှင့်တင်ပေးနိုင်သည့်အတွက် နိုင်ငံတော်၏ စီးပွားရေးကိုလည်း တိုးတက်စေမည်ဖြစ်ကြောင်း၊ ငွေလွှဲခြင်း၊ ရွှေနှင့်အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံခြင်း စသည့် ရှေးရိုးဓလေ့ ငွေကြေးဆိုင်ရာ လုပ်ဆောင်မှုတို့ကို ဂဃနဏ သိရှိနားလည်ကြသော်လည်း ဘဏ်စာရင်းနှင့် အီလက်ထရောနစ် ငွေပေးချေမှု၊ အာမခံထားရှိခြင်း စသည့် လုပ်ဆောင်မှုအပေါ်တွင် သိရှိနားလည်ရန် လိုအပ်နေပြီး မြို့ပြနေပြည်သူတစ်ဝက်ခန့်သည် အကြွေးဝယ်ကတ်များနှင့် အာမခံထားရှိခြင်း အကြောင်းကို သိရှိခြင်းမရှိသေးကြောင်း Visa Myanmar ၏ Country Manager ဖြစ်သူ Artuo Planell က အဆိုပါ အခမ်းအနားတွင် ပြောကြားခဲ့သည်။

 

ငွေစက္ကူ ကိ်ုင်တွယ်သုံးစွဲခြင်းမှ ဒီဂျစ်တယ်နည်းပညာသို့ ပြောင်းလဲခြင်းသည် မြန်မာနိုင်ငံအတွင်း သုံးစွဲသူများ၊ အစိုးရအဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများအတွက် ကြီးမားသော အကျိုးရလဒ်ကို ဖြစ်ထွန်းစေပြီး ဒီဂျစ်တယ် နည်းပညာဖြင့် ငွေပေးချေမှုကြောင့် မြန်မာ့စီးပွားရေးသည် (၂၀၁၁)ခုနှစ်မှ (၂၀၁၅)ခုနှစ်အတွင်း ကျပ်ငွေ(၅၅)ဘီလီယံ တိုးမြင့်စေခဲ့ကြောင်း အဆိုပါ လေ့လာဆန်းစစ်ချက်အရ သိရသည်။

 

“စစ်တမ်းအစီရင်ခံစာမှာပါရှိတဲ့ စိတ်ကူးအကြံဉာဏ်တွေနဲ့ အနှစ်သာရတွေဟာ မူဝါဒဆိုင်ရာ အများပြည်သူ ဆွေးနွေးပွဲများကို ဖြစ်ထွန်းစေပြီး မြန်မာပြည်မှာ ရေရှည်တည်တံ့တဲ့ စီးပွားရေးတိုးတက်မှုအတွက် အကောင်းဆုံး အလေ့အထများ ဖြစ်ပေါ်လာစေမယ်လို့ Visa က ယုံကြည်ပါတယ်။ အလားတူ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့စီးပွားရေးစနစ်ကြီးနဲ့ ပိုမိုနီးစပ်လာအောင် ပေါင်းစည်းမိသည်နှင့်အမျှ ဘဏ္ဍာရေးကဏ္ဍတွင် ပါဝင်သော အဖွဲ့အစည်းအားလုံး မိမိတို့ကျရောက်ရာ အခန်းကဏ္ဍအဖက်ဖက်မှ ပူးပေါင်းဆောင်ရွက်ရန် အားပေးလိုကြောင်း” Mr. Plannel က သုံးသပ်ပြောကြားသည်။

 

သန်းထိုက်၊ ဓာတ်ပုံ - တင်စိုး