မိုးရွာသွန်းမှုများခြင်းကြောင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ပိဋကတ်တိုက်ခေါင်း မိုးချပ်များပဲ့ကျ

ပုဂံ  စက်တင်ဘာ  ၁၇

           

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အုတ်တိုက်အမှတ်(၁၉၆၉)၊ ပိဋကတ်တိုက်သည် စက်တင်ဘာ ၁၇ရက်၊ နံနက်၇နာရီအချိန် ခန့်က ပိဋကတ်တိုက်ခေါင်မိုးချပ်များ ကွာကျပျက်စီးခဲ့ကြောင်း ညောင်ဦးခရိုင် ၊ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)က သိရသည်။

           

အဆိုပါ အုတ်တိုက်အမှတ်(၁၉၆၉)၊ပိဋကတ်တိုက်သည် ၊ပုဂံရှေးဟောင်းယဉ်ကျေး မှုနယ်မြေ၊ ပုဂံမြို့ရဲစခန်းမြောက်ဘက် ၃မိုင်ခန့်အကွာ၊ တောင်ဘီကျေးရွာတွင်တည်ရှိပြီး စက်တင်ဘာ ၁၆ရက်နေ့နှင့်စက်တင်ဘာ ၁၇ ရက် ညပိုင်း မိုးသည်းထန်းစွာရွာသွန်းပြီးမိုး ရေစိမ့်ဝင်ရောက်ကာ ပိဋကတ်တိုက်၏ ခေါင်မိုးချပ်များ ကွာကျပျက်စီးခဲ့ကြောင်း၊ အလျား ၇ပေ၊ အမြင့် ၄ပေ၊ ထု ၁ပေခန့် ကွာကျပျက်စီးခဲ့ကြောင်း၊ ညောင်ဦးမြို့နယ် ၊ပုဂံမြို့ရဲစခန်း ထံကသိရသည်။ အုတ်တိုက်အမှတ်(၁၉၆၉)၊ ပိဋကတ်တိုက်ကွာကျ ပျက်စီးသည့်နေရာသို့ ပုဂံနယ်မြေရဲစခန်းမှ ရဲအုပ်ဇော်မင်းအောင်နှင့် ရဲတပ်သားများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ရှေးမူမပျက် မူလပုံစံအတိုင်း အမြန်ပြန်လည်၍ ပြုပြင်သွားမည်ဖြစ်ကြောင်း သိရသည်။

           

ညောင်ဦးမြို့နယ်သည် မိုးခေါင်ရပ်ဝန်း ပူပြင်းခြောက်သွေ့သည့်ရ ပ်ဝန်းဖြစ်ကာ နှစ်စဉ်နှစ်တိုင်း မိုးရေချိန်လက်မ ၂၄.၆၀ လက်မသာ ပုံမှန်ရွာသွန်းမြဲဖြစ်ပြီး၊ မိုးရေချိန် လက်မ ၂၀ အောက် ရွာသွန်းသည့် နှစ်များကြောင်း၊ ၂၀၂၁ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာ လ ၁၇ရက်၊ ယနေ့အထိ မိုးရေချိန် ၃၀.၈၃လက်မရှိနေပြီဖြစ်ကြောင်း၊ စက်တင်ဘာ ၁၆ ရက်၊နေ့ခင်း ၁၂နာရီရွာသွန်းသည့်မိုးရေချိန်သည် ၀.၂၀လက်မ၊ စက်တင်ဘာ ၁၇ရက်၊ ညဦးပိုင်းအချိန် ရွာသွန်းသည့်မိုးသည် ၂.၆၄ လက်မ ရှိကြောင်းလည်း ညောင်ဦးမြို့ခရိုင် ၊မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သိရသည်။

                                                                       

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)