မိုရက်တာရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ဂိုးရခဲ့ပေမယ့် နှစ်ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ စပိန်အသင်း

ယူရို ၂၀၀၈ နဲ့ ယူရို ၂၀၁၂ တို့မှာ ချန်ပီယံဖြစ်ထားတဲ့ စပိန်အသင်းဟာ ဇွန် ၁၉ ရက် ညပိုင်းက ယူရို ၂၀၂၀ ပြိုင်ပွဲ အုပ်စု(E)ရဲ့ အုပ်စုအဆင့် ဒုတိယပွဲစဉ်အဖြစ် ပိုလန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ မိုရက်တာ ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ဂိုးစတင်ရရှိခဲ့ပေမယ့် လီဝန်ဒိုစကီးရဲ့ ချေပဂိုးကို ခွင့်ပြုပေးခဲ့ရတာကြောင့် သရေ ရလဒ်သာ ထွက်ပေါ်ခဲ့ပြီး နှစ်ပွဲဆက်နိုင်ပွဲပျောက်ဆုံးခဲ့ရပါတယ်။

စပိန်အသင်းနဲ့ ပိုလန်အသင်းတို့ ပွဲစဉ်မှာ စပိန်အသင်းဟာ ပွဲကစားချိန် ၂၅ မိနစ်မှာ မိုရက်တာရဲ့ သွင်းဂိုး နဲ့ ဦးဆောင်ဂိုးစတင်ရရှိခဲ့တာဖြစ်ပြီး ပွဲကစားချိန် ၅၄ မိနစ်မှာ ပိုလန်တိုက်စစ်မှူး လီဝန်ဒိုစကီးရဲ့ ချေပဂိုးကို ခွင့်ပြုပေးလိုက်ရတာကြောင့်  တစ်ဖက်တစ်ဂိုးစီသရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါ တယ်။

အဲဒီပွဲစဉ်မှာ စပိန်အသင်းဟာ နိုင်ပွဲရရှိမယ့်  အခွင့်အရေးတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ပေမယ့် ပွဲကစားချိန် ၅၈ မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီသွင်းဂိုးကို မိုရီနိုက ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ခြင်းမရှိတာကြောင့် သရေ တစ်မှတ်နဲ့သာ ပွဲပြီးဆုံးခဲ့ရတာဖြစ်ပါတယ်။

စပိန်အသင်းဟာ အခုပွဲစဉ်မှာ နိုင်ပွဲပျောက်ဆုံးခဲ့တဲ့အပြင် ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ အုပ်စုအဆင့်အဖွင့် ပွဲစဉ် မှာ ဆွီဒင်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာမှာလည်း ဂိုးမရှိသရေ ရလဒ်ထွက်ပေါ်ခဲ့တာကြောင့် ယူရိုပွဲစဉ် နှစ်ပွဲစလုံး သရေရလဒ်ထွက်ပေါ်ခဲ့ကာ နှစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့တဲ့ မှတ်တမ်းဆိုးကို ရရှိခဲ့တာဖြစ်ပါ တယ်။

အခြားသော ယူရို ၂၀၂၀ ပြိုင်ပွဲ အုပ်စု(F)ရဲ့ အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ ပေါ်တူဂီအသင်းနဲ့ ဂျာမနီ အသင်းတို့ပွဲစဉ်မှာ ပေါ်တူဂီအသင်းဟာ တိုက်စစ်မှူး စီရိုနယ်လ်ဒိုရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ဂိုး စတင်ရရှိခဲ့ ပေမယ့် ဂျာမနီအသင်းက ပေါ်တူဂီအသင်းကို လေးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အဲဒီပွဲစဉ်မှာ ပေါ်တူဂီအသင်းအတွက် သွင်းဂိုးတွေကို ပွဲကစားချိန် ၁၅ မိနစ်မှာ စီရိုနယ်လ်ဒိုက တစ်ဂိုး၊ ပွဲကစားချိန် ၆၇ မိနစ်မှာ ဂျိုတာကတစ်ဂိုး အသီးသီး သွင်းယူပေးခဲ့ပြီး ဂျာမနီအသင်းအတွက် သွင်းဂိုး တွေကို ပွဲကစားချိန် ၃၅ မိနစ်မှာ ရူဘင်ဒိုင်ယက်စ်(ကိုယ့်ဂိုး ကိုယ်သွင်း)၊ ပွဲကစားချိန် ၃၉ မိနစ်မှာ ဒွါရီယို (ကိုယ့်ဂိုးကိုယ်သွင်း)၊ ပွဲကစားချိန် ၅၁ မိနစ်မှာ ဟာဗက်နဲ့ ပွဲကစားချိန်မိနစ် ၆၀ မှာ ဂိုဆန်တို့က သွင်းယူ ပေးခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီအသင်းအတွက် သွင်းဂိုးတစ်ဂိုးသွင်း ယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး စီရိုနယ်လ်ဒိုဟာ အခု ယူရို ၂၀၂၀ ပြိုင်ပွဲမှာ သွင်းဂိုးသုံးနဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်လျက်ရှိပြီး ပေါ်တူဂီ အသင်းနဲ့အတူ နိုင်ငံတကာပွဲစဉ် ၁၇၇ ပွဲ ပါဝင်ကစားပေးထားကာ နိုင်ငံတကာသွင်းဂိုး ၁၀၇ ဂိုး ပြည့်မြောက်ခဲ့ပြီလည်း ဖြစ်ပါတယ်။

လက်ရှိ အုပ်စု(F)၌ နှစ်ပွဲကစားပြီးချိန်မှာ ပြင်သစ်အသင်းက ရမှတ်လေးမှတ်နဲ့ ထိပ်ဆုံးမှာ ရပ်တည် နေပြီး ဂျာမနီအသင်းက ရမှတ်သုံးမှတ်။ ပေါ်တူဂီအသင်းက ရမှတ်သုံးမှတ်နဲ့ ဟန်ဂေရီအသင်းက ရမှတ် တစ်မှတ် အသီးသီးရရှိထားပြီး လာမယ့်ပွဲစဉ် အဖြစ် ပေါ်တူဂီအသင်းကပြင်သစ်အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာဖြစ်ကာ ဂျာမနီအသင်းက ဟန်ဂေရီအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

ငွေကြယ်