မြို့သစ်မြို့တွင် ကျောင်းများဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိပြီး ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးလျက်ရှိ

မြို့သစ်၊ ၂၆ မေ

 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် မြို့သစ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မေလဆန်းပိုင်းမှစတင်၍ မြို့နယ်/ကျေးရွာများရှိ သက်ဆိုင်ရာ ကျောင်းအုပ် ဆရာ/ဆရာမကြီးများနှင့် ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြပြီး မေ ၂၄ ရက်မှစတင်၍ ကျောင်းအပ်လက်ခံခြင်းများကို စတင်ဆောင်ရွက်ခဲ့ရာ မေ ၂၆ ရက်တွင် ဒုတိယနေ့အဖြစ် ကျောင်းအပ်လက်ခံခြင်းများ ဆက်လက်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

 

မြို့သစ်မြို့နယ်အတွင်း ကျောင်းအပ်လက်ခံလျက်ရှိရာတွင် အခကြေးငွေကောက်ခံခြင်း လုံးဝမရှိကြောင်းနှင့် ကျောင်းသားကျောင်းသူများအတွက် လိုအပ်သော ပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးဗလာစာအုပ်များ၊ ဘောလ်ပင်/ခဲတံ အစရှိသည့် စာရေးကိရိယာများကိုလည်း အခမဲ့ပေးဝေသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပသည်။

 

ကျောင်းများဖွင့်လှစ်ချိန်တွင်လည်း ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိပြီး လူစုလူဝေးမဖြစ်ပွားစေရန် နံနက်ပိုင်းနှင့် ညနေပိုင်း အတန်းများခွဲ၍ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် ကျောင်းသားကျောင်းသူတိုင်းကိုလည်း နှာခေါင်းစည်း(Mask)များနှင့် မျက်နှာအကာ (Face Shield) များကိုလည်း အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကိုဇော်(ပြန်/ဆက်)