မျိုးသန့်မျိုးစေ့ထုတ် ဧက(၁၀ဝ)စိုက်ပျိုးမည့် တောင်သူများထံ မျိုးစေ့နှင့် စိုက်ပျိုးစရိတ်များ ထောက်ပံ့ပေးအပ်

ပြည်   ၂၅ မေ  

 

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် မိုးစပါး ဘက်စုံအဆင့်မြင့်နည်းပညာသုံး မျိုးသန့်မျိုးစေ့ထုတ်ဧက (၁၀ဝ)စိုက်ပျိုးမည့် ငါးရွာအုပ်စုစံပြကျေးရွာမှ တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့နှင့် စိုက်ပျိုးစရိတ်ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပြည်မြို့ ဇီးအုပ် တောင်သူပညာပေး ရှေ့တန်းစခန်း (CLC)၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ထောက်ပံ့ပေးအပ်ပွဲတွင် ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးဝင်းနှင့် တာဝန်ရှိသူများက မျိုးစေ့နှင့် စိုက်ပျိုးစရိတ်ငွေများကို တောင်သူများထံ လက်ဝယ်အရောက်ပေးအပ်ခဲ့ပြီး တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

 

အဆိုပါ မျိုးသန့်မျိုးစေ့ထုတ် ဧက(၁၀ဝ)စိုက်ပျိုးမည့် တောင်သူများအား တစ်ဧကလျှင် မျိုးစပါးတစ်တင်းခွဲနှင့် စိုက်ပျိုးစရိတ် ငါးသောင်းကျပ်နှုန်းစီဖြင့် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးအောင်ဆန်းဝင်းထံမှ သိရသည်။

 

မျိုးကျော်ကြီး(ပြန်/ဆက်)