မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုကြောင့် သက်တမ်းရင့် မန်ကျည်းပင် ပြိုလဲကျပြီး လူနေအိမ်တစ်လုံး ပျက်စီး

ညောင်ဦး  ၅   ဇူလိုင်      

 

မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့နယ် စဉ့်ကူကျေးရွာအုပ်စု၊ သာစည်ရပ်ကွက်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး လေပြင်းတိုက်ခတ်မှုကြောင့် နှစ်ပေါင်း ၁၂၀ ခန့်ရှိ သက်တမ်းရင့် မန်ကျည်းပင်ကြီးတစ်ပင် ပြိုလဲကျမှု ဖြစ်ပွားကာ လူနေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

အဆိုပါ နေရာသို့ ဇူလိုင် ၄ ရက် ညနေ ၆ နာရီ ၄၅ မိနစ်တွင် စဉ့်ကူနယ်မြေရဲစခန်းမှ ရဲအုပ် တင်ညွန့် ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များက နယ်မြေ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ပြည်သူ့အကျိုးပြု စုပေါင်းဖယ်ရှား ရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်မှုကြောင့် နှစ်ပေါင်း ၁၂၀ ခန့်ရှိ သက်တမ်းရင့် မန်ကျည်းပင်ကြီးမှာ အပင်ခြေရင်း ရေတိုက်စားပြီး ပြိုကျခဲ့မှုဖြစ်ပွားကာ စဉ့်ကူကျေးရွာအုပ်စု၊ သာစည်ရပ်ကွက်ရှိ ဦးဝင်းဌေး ပိုင်ဆိုင်သော အလျား ပေ ၃၀ ၊ အနံ ၃၆ ပေ ၊ အမြင့် ၁၂ ပေခန့်ရှိ သွပ်မိုး ၊ အုတ်ကာ လူနေအိမ်ခေါင်မိုး မျက်နှာကျက်များနှင့် နားနေဆောင် အလျား ၁၈ ပေ ၊ အနံ ၁၅ ပေ ၊ အမြင့် ၉ ပေခန့်ရှိ အဆောက်အဦပေါ်သို့ လဲကျခဲ့ပြီး အခြား လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိခဲ့ကြောင်း  သိရသည်။

 

ရဲဝင်းနိုင် ( ညောင်ဦး )