မြို့တော်သန့်ရှင်းသာယာသပ်ရပ်ရေးလုပ်ငန်းများ ရန်ကုန်မြို့တော်ဝန် ကြည့်ရှုစစ်ဆေး

ရန်ကုန်    ဇန်နဝါရီ   ၂၁

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များနှင့် အတူ ဇန်နဝါရီ ၂၁ ရက် နံနက် ၆ နာရီခွဲတွင် အင်းစိန်မြို့နယ်၊ မင်းဓမ္မကုန်းတော် နောက်လမ်း (ဇင်ဇီယာလမ်း) အရှည် ပေ ၂၈၀၀၊ အကျယ် ၂၄ ပေ၊ ထု ၉ လက်မ နှစ်လမ်းသွား ကွန်ကရစ် ခင်းကျင်းပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး‌ လိုအပ်သည်များ မှာကြားသည်။

 

ယင်းနောက် ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်း အမှတ် (၃၅၁၊ ၃၆၁) ရှိ ယခင် မြန်မာ့မီးရထား ရုံးချုပ် ရုံးဟောင်းမြေနေရာရှိ စီမံကိန်းအဆောက်အအုံများ တည်ဆောက်မည့် လုပ်ငန်းခွင်သို့ သွားရောက်၍ ဗိုလ်မြတ်ထွန်း မြစ်ထွက်ပေါက် မြေထိန်းနံရံ တည်ဆောက်ရေးအတွက် အဆောက်အအုံ ဟောင်းအောက်တွင် ဖြတ်သန်းစီးဆင်းလျက်ရှိသည့် မြေအောက်ရေမြောင်းလမ်းကြောင်း ရှင်းလင်း တူးဖော်နေမှုနှင့် တူးဖော်ပြီးသည့် အပိုင်းကို မြေထိန်းနံရံ တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေး၍ မိုးမကျမီ ဗိုလ်တထောင် မြစ်ထွက်ပေါက် ရေမြောင်းမြေထိန်းနံရံအား အပြီးတည်ဆောက်နိုင်ရေး အတွက် အဆောက်အအုံဟောင်းများနှင့် အုတ်နံရံများ အမြန်ရှင်းလင်းရန်၊ ဖျက်သိမ်းရှင်းလင်းစဉ် မြေအောက်ရေမြောင်း ပိတ်ဆို့မှုမရှိစေရေး ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်