မိုးဦးကာလ အရောင်းအဝယ် အေးသွားသည့် ရန်ကုန်

mdn

၁၃ ဇွန်

 

 

မိုးရာသီ ဖြစ်လာသည်က တစ်ကြောင်း၊ ရန်ကုန် လိုင်စင်များ ချထားပေးမည့် သတင်းစကားများကတစ်ကြောင်း အကြောင်းအမျိုးမျိုးတို့ကြောင့် ရန်ကုန်ကားဈေးကွက်သည် အရောင်းအဝယ် အေးလျက်ရှိကြောင်း သိရသည်။

 

 

စတိနံပါတ်များ အရောင်းအဝယ် အနည်းငယ် ရှိနေသော်လည်း ဈေးကွက်တစ်ခုလုံး အနေဖြင့်မူ အားနည်းနေသေးကြောင်း၊ စတိနံပါတ်များထက် ညာမောင်းတစ်ပတ်ရစ်များ အရောင်းအဝယ်မှာ အနည်းငယ်ရှိသော်လည်း မိုးဆက်တိုက်ရွာနေသဖြင့် ကားရောင်းဝယ်ရေး စခန်းများနှင့် ရောင်းဝယ်ရာ နေရာအချို့တို့တွင်လည်း အရောင်းအဝယ်များလည်း မရှိသလောက် နည်းပါးနေသည်ကို မြင်တွေ့ရသည်။

 

ရန်ကုန် မော်တော်ယာဉ် မှတ်ပုံတင်ခွင့်လက်မှတ် တစ်ခုဖြစ်သည့် YVQC စနစ် Yangon Vehicle Quota Certificate မှာ မော်တော်ယာဉ်အစီးရေ သတ်မှတ်ချက်ဖြစ်ပြီး ယခုနှစ်အတွက် ရန်ကုန်အတွင်းရှိ မော်တော်ကားအစီးရေ ကန့်သတ်ချက် တစ်ခု ဖြစ်လာပေလိမ့်မည်။

 

''လက်ရှိမှာတော့ ညာမောင်းတွေကို တိုက်ရိုက်ထိခိုက်စရာ ဘာမှမရှိပါဘူး၊ ကားသစ်တွေ၊ ဘယ်မောင်း သွင်းတွေနဲ့သာ ဘယ်လိုဖြစ်လာ နိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပါ၊ ညာမောင်း ဂျပန်ကားလေးတွေ ဝယ်ယူချင်တဲ့ သူတွေကတော့ ပုံမှန်အတိုင်း မထူးခြားပါဘူး၊ စောင့်ကြည့်နေကြတာတော့ ရှိတယ်၊ အမှန်က ၂ဝ၁၆ မော်ဒယ် နောက်သွင်းမယ့် ကားတွေကိုပဲ ဆိုလိုတာဆိုတော့ လက်ရှိဈေးကွက်နဲ့က ဘာမှမဆိုင်ဘူး၊ မဆိုင်ပေမယ့်လည်း ဝယ်လက်ကတော့ ဘာထူးမလဲ စောင့်ကြည့်တာ အကျင့်ပါနေတယ်၊ အရောင်းအဝယ်က နှစ်ဆန်းပိုင်းလိုတော့ လုံးဝမရှိတာ မဟုတ်ဘူး၊ ပြီးခဲ့တဲ့ တစ်လတာ အတွင်းနဲ့ နှိုင်းယှဉ်ရင်တော့ ကျသွားတယ်'' ဟု ကိုကျော်ဇေယျာဝင်းက ပြောသည်။

 

ထို့ပြင် စလစ်ဈေးနှုန်းများမှာ ကျဆင်းသွားခြင်း မရှိဘဲ တန့်နေပြီး သက်တမ်း ၂ဝ ရန်ကုန်လိုင်စင် စနစ်မှာ လက်ရှိတွင် ငွေကျပ် ၁၂၅ သိန်းဝန်းကျင်နှင့် အရောင်းအဝယ် ဖြစ်နေကြောင်း၊ အများစုမှာ ရန်ကုန် လိုင်စင် ရရှိလိုသည့်အတွက် ဈေးကမြင့်လျက်ရှိကြောင်း သိရှိရသည်။ ''စလစ်ဈေးကွက်ကတော့ ပုံမှန်ပါပဲ၊ အရောင်းအဝယ်က ဖြစ်တယ်၊ အများစုက ညာမောင်းလိုချင်ကြတယ်၊ ဒီလိုဆိုရင် စလစ်က လိုနေဦးမှာပဲ၊ အခုနောက်ပိုင်းမှာ ယာဉ်အိုယာဉ်ဟောင်း အပ်နှံသူကလည်း နည်းပါးသွားခဲ့ပြီ၊ စလစ်လိုအပ်ချက်ကလည်း အများကြီး လိုနေတာမျိုးတော့ မဟုတ်ဘူး၊ ဒီလို အနေအထားမှာ ဈေးက မကျဘူးဆိုတာ နောင်ဖြစ်မယ့် အလားအလာ တစ်ခုခုရှိနိုင်တယ်'' ဟုလည်း ကားလောကသား အချို့က ပြောသည်။ 

 

ယခုရက်ပိုင်းအတွင်း မိုးရာသီ အကြမ်းခံ အိမ်သုံးကားများ ဈေးကွက်အတွင်း အဝယ်လိုက်နေပြီး နယ်ဝယ်လက်အချို့လည်း ဈေးစုံစမ်းမှုများတော့ ဆက်တိုက်ရှိနေကြောင်း၊ အရောင်းအဝယ်မှာမူ ပုံမှန်သာရှိပြီး ရာသီဥတု ကောင်းမွန်သည့် ရက်များတွင် အရောင်းအဝယ် ပိုမိုဖြစ်ပေါ်ကြောင်း၊ ရန်ကုန်လိုင်စင်ကား အများစုမှာ မေးသူ၊ ဝယ်သူ ရှိနေသော်လည်း ယခုရက်အတွင်း နယ်လိုင်စင်ကားများ အရောင်းအဝယ်မှာမူ မရှိသလောက် နည်းပါးနေပြီး ဈေးကွက်အတွင်း လာမည့်ရက်အတွင်း နယ်လိုင်စင်ကားဈေး နှုန်းများ ကျဆင်းလာနိုင်ကြောင်း ကားဝယ်ရောင်း တစ်ဦးကလည်း ပြောသည်။ ။

 

မင်းသော်