မိုးယွန်းကြီးအင်း ဘေးမဲ့တောသို့ ပထမဆုံးရောက်ရှိလာသော ဆောင်းခိုငှက်တစ်မျိုးကို မှတ်တမ်းတင်ထား

ရန်ကုန်၊ ၁၉ မေ

 

ပဲခူးတိုင်းဒေသကြီး၏ ခရီးသွားကဏ္ဍနှင့် အပန်းဖြေလေ့လာရေးခရီးကို ဖော်ဆောင်ပေးလျက်ရှိသော မိုးယွန်းကြီးအင်းဘေးမဲ့တောသို့ ပြည်တွင်းခရီးသွားများ လာရောက်လေ့လာ အပန်းဖြေလျက်ရှိပြီး ဆောင်းခိုငှက်နှင့် ဌာနေ‌ရေပျော်ငှက်တို့ ကျက်စားနေထိုင်လျက်ရှိရာ ဧပြီလက ပထမဆုံးအကြိမ် ရောက်ရှိလာသော ဆောင်းခိုငှက် Shear water ကို ဘေးမဲ့တောမှ အခြားငှက်မျိုးစိတ်များနည်းတူ မှတ်တမ်းတင်ထားကြောင်း သိရသည်။

 

ဧရာဝတီလင်းပိုင်ကဲ့သို့ မြန်မာ့မျိုးရင်းရှားပါးရေသတ္တဝါတို့ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်နေသည့်နည်းတူ ဒေသမျိုးရင်း ငှက်များနှင့် မြန်မာပြည်သို့ ရောက်ရှိလာသော ဆောင်းခိုငှက်တို့ကို သက်ဆိုင်ရာဌာနတို့မှ လူမှုရေးအသင်းအဖွဲ့တို့ဖြင့် ပူးပေါင်းကာကွယ်လျက်ရှိရာ စတုရန်းမိုင် ၄၀ ကျယ်ဝန်းသော မိုးယွန်းကြီးအင်းအတွင်း ဌာနေရေပျော်ငှက်နှင့် ဆောင်းခိုငှက်တို့ ကျက်စားနေထိုင်သည်။

 

“ပြီးခဲ့တဲ့ဧပြီလက ဆောင်းခိုငှက်ဖြစ်တဲ့ Shear water တစ်ကောင် တွေ့ရှိရတဲ့အတွက် မှတ်တမ်းတင်ထားပါတယ်။ မျိုးစိတ်ကရှိပြီးသားဆိုပေမယ့် မိုးယွန်းကြီးအင်းကို ပထမဆုံးရောက်ရှိတာဖြစ်လို့ မှတ်တမ်းအသစ်တင်ထားတာပါ။ ဒီအင်းမှာ ဌာနေရေပျော်ငှက်မျိုးစိတ်နဲ့ အခြားဒေသက ရောက်ရှိလာတဲ့ ဆောင်းခိုငှက်တွေကို ကာကွယ်စောင့်ရှောက်ပါတယ်” ဟု မိုးယွန်းကြီးအင်း ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဒေါ်သင်းသင်းယုက ပြောသည်။

 

အခြေခံခရီးသွားလုပ်ငန်းများမှ နိုင်ငံအတွက် အခွန်ငွေရရှိသောကြောင့် ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို နိုင်ငံတိုင်းက ထိန်းသိမ်းကာကွယ်လျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း တောရိုင်းတိရစ္ဆာန်၊ ငှက်မျိုးစိတ်၊ အပင်၊ ရုက္ခနှင့် ဇီဝမျိုးစုံမျိုးကွဲတို့ကို ထိန်းသိမ်းစောင့်ရှောက်လျက်ရှိရာ မိုးယွန်းကြီးဘေးမဲ့တော၌ ဆောင်းခိုငှက်မျိုးစိတ် ၄၀ ကျော်နှင့် ဌာနေရေပျော်ငှက် ၁၃၀ ခန့် ကျက်စားလျက်ရှိသည်။ မိုးယွန်းကြီးဘေးမဲ့တောတွင် ငှက်မျိုးစိတ်ပေါင်း ၁၇၂ မျိုးကျက်စားပြီး ယခုနှစ်ဆန်း ဧပြီလက မိုးယွန်းကြီးအင်းဘေးမဲ့တောသို့ ပထမဆုံးရောက်ရှိလာသော Shear water ဆောင်းခိုငှက်မျိုးစိတ်ကို မှတ်တမ်းတင်ထားကြောင်း သိရသည်။

 

ဓာတ်ပုံ- ကနူး - ညိမ်းသူ