မကောင်းမှုကိုရှောင်ရှား ဝိုင်းဝန်းတားဆီးကာကွယ်

 

မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓသာသနာ ထွန်းကားသောနိုင်ငံ ဖြစ်သည်။ မြန်မာနိုင်ငံတွင် မိမိနှစ်သက်ရာ ဘာသာတရားကို လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ရှိသည်။ မြန်မာနိုင်ငံရှိ ဘာသာတရားများတွင် ရှေးအစဉ်အလာအားဖြင့် ဗုဒ္ဓဘာသာကို ဆည်းကပ်ကိုးကွယ်လာကြသောကြောင့် ပြည်သူအများစုမှာ ဗုဒ္ဓဘာသာ ဝင်များ ဖြစ်သည်။ မြန်မာနိုင်ငံသည် ဘာသာတရား၏ အဆုံးအမများကို လေးစားလိုက်နာကြသောကြောင့် ယဉ်ကျေးမှု အစဉ်အလာကြီးမားသောနိုင်ငံ ဖြစ်သည်။

 

အစဉ်အလာအားဖြင့် လူကြီးသူမများသည် ဘာသာတရားကို အစဉ်အလေးထား လိုက်နာကျင့်သုံးလာခဲ့ သော်လည်း ယနေ့မြန်မာလူငယ်များစွာတို့သည် အမည်ခံ မိရိုးဖလာဗုဒ္ဓဘာသာဝင်များ ဖြစ်လာသည်။ ဘာသာနှင့် ကျင့်ဝတ်တရားများကို သိနားလည်မှု ပါးလျားလာကြသည်။ မြတ်စွာဘုရား၏ အဆုံးအမ သြဝါဒများနှင့် ကြီးပွားချမ်းသာကြောင်း မင်္ဂလာတရားများကို လိုက်နာကျင့်ကြံရကောင်းမှန်း မသိကြတော့ပေ။ မာန်မာနကို ချိုးနှိမ်၍ မိဘဆရာသမားနှင့် လူကြီးသူမများအား ရိုသေလေးစားရမည်ဟူသော ဂါရဝတရားကိုလည်း အလေး မထားကြတော့ပေ။ “သြကာသ” ကန်တော့ချိုးကိုပင် ဖြောင့်တန်းစွာ မရွတ်ဆိုနိုင်တော့ပေ။

 

အကျိုးဆက်မှာ လူကြီးသူမ၊ ဆရာသမား၊ မိဘများကို ရိုသေလေးစားခြင်း မရှိရုံသာမက ပြစ်မှားစော်ကားရန်ပင် ဝန်မလေးတော့သည့်အဖြစ်အပျက်အချို့ ကို မြင်တွေ့လာရသည်။ မြန်မာတို့၏ ယဉ်ကျေးမှုအနှစ်သာရဖြစ်သော ဗုဒ္ဓဘာသာ တရားများကို မသိနားမလည်သောအခါ ရေခြားမြေခြားမှ ဘာသာခြားတို့၏ ဝတ်စားဆင်ယင်မှု၊ မြန်မာတို့နှင့်မဆီလျော်သည့် ယဉ်ကျေးမှုဓလေ့စရိုက်များ အလွယ်တကူကူးစက်လာခဲ့သည်။ ဟီရိဩတ္တပ္ပ ကင်းမဲ့သော အပြုအမူဓလေ့စရိုက်များကို အထင်ကြီးလာကြသည်။ အတုယူ၍ ပြုမူလုပ်ကိုင်လာကြသည်။ အဆုံးတွင် မကောင်းမှုဒုစရိုက်များကို ပြုလုပ်ရန်ပင် ဝန်မလေးတော့ပေ။

 

အထူးသဖြင့် ဟီရိဩတ္တပ္ပ အထိန်းအကွပ်မရှိသော နိုင်ငံရပ်ခြားယဉ်ကျေးမှု ဓလေ့စရိုက်များကို အခြေခံ၍ တဏှာရာဂနှင့် မောဟအမိုက်မှောင်ကို တိုးပွားစေသော ယဉ်ကျေးမှုဓလေ့စရိုက်နှင့် အမူအကျင့်ဆိုးတို့သည် မင်္ဂလာတရားများကိုကျောခိုင်းကာ မကောင်းမှုဒုစရိုက်တို့ကို တိုးပွားစေကြသည်။ ယဉ်ကျေးမှုအစဉ်အလာ နှင့်အညီ ငြိမ်းအေးစွာနေလိုကြသော ပြည်သူအပေါင်းတို့အား ကိုယ်စိတ်နှစ်ပါးကို အနှောင့်အယှက်ဖြစ်စေရသည်။ ဤအမူအကျင့်ဆိုးတို့သည် မကောင်းမှုဘက်သို့ အားကောင်းစေပြီး အကုသိုလ်ကံများဖြစ်ပွားကာ အပါယ်လေးပါး သို့ပင် ရောက်ရှိစေနိုင်သည်ကို သတိမမူမိတော့ပေ။ ယဉ်ကျေးသောအသိတရားများနှင့် ဝေးကွာစေခဲ့သည်။

 

အမှန်အားဖြင့် မိဘတို့သည် မိမိတို့သားသမီးများအား “ဆင်စီး၍ မြင်းရံသည်” ကို ရှုမြင်လိုကြသည်။ “ဆင်နင်း၍ မြင်းကန်သည်’’ကို မလိုလားကြပေ။ ထိုထက်ပို၍ အပါယ်လေးပါးသို့ ကျရောက်မည်ကို အဘယ်မှာလျှင် အလိုရှိကြပါအံ့နည်း။ ကိုယ်ချင်းစာ မေတ္တာဗြဟ္မစိုရ်တရား ခန်းခြောက်၍ မြန်မာ့ယဉ်ကျေးမှု ဆိတ်သုဉ်းသော ရေခြားမြေခြား၌ အကြောင်းအားလျော်စွာ သွားရောက်နေထိုင်ကြရသော မြန်မာမိသားစုများသည် ဗုဒ္ဓဘာသာနှင့် မြန်မာ့ယဉ်ကျေးမှုတန်ဖိုးကို ပိုမိုသဘောပေါက် နားလည်ကြသည်။ ရေခံမြေခံကောင်းခဲ့သော မြန်မာ့မြေ၊ မြန်မာ့ဓလေ့စရိုက်များကို ပိုမိုသတိရတောင့်တကြသည်။

ကံနှင့် ကံ၏အကျိုးတို့ကို ဖော်ဆောင်ထားသော ကမ္မနိယာမသည် အလွန်ဆန်းကြယ်လှသည်။ တစ်စုံတစ်ယောက် သော တန်ခိုးရှင်၏အမိန့်အရ ခံရစံရခြင်း မဟုတ်ပေ။ နိယာမတရား၊ သဘာဝတရားသာဖြစ်သည်။ မိမိ၏အမှုကို မိမိတာဝန်ယူရခြင်းသာ ဖြစ်သည်။ ဥပမာအားဖြင့် သူတစ်ပါးကို စိတ်ဆင်းရဲအောင်၊ ထိခိုက်နစ်နာအောင်၊ အကုသိုလ်တိုးပွားအောင် ပြုလုပ်သူသည် မျက်မှောက်ဘဝနှင့် တမလွန်ဘဝတို့၌ မကောင်းကျိုးဆင်းရဲကို မုချခံစားရမည်ဖြစ်သည်။ သူတစ်ပါးတို့အား စိတ်ချမ်းသာအောင်၊ အကျိုးရှိအောင်၊ ကုသိုလ်တိုးပွားအောင် ရွက်ဆောင် ပေးသူသည်ယခုဘဝနှင့်တမလွန်ဘဝတို့၌ ကောင်းကျိုးချမ်းသာကို ဧကန်အမှန်ပင် ခံစားကြရမည်မှာ သေချာသည်။

 

အခြားသူတစ်ပါးနှင့် အများပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်တို့ကို ထိခိုက်နစ်နာစေခြင်း၊ သူတစ်ပါးတို့ အပေါ်၌ မှားယွင်းစွာပြုကျင့်ခြင်း၊ အကုသိုလ်အမှုများပြုလုပ်ခြင်းစသည့် ဥပဒေနှင့်မလွတ်ကင်းသည့် ဒုစရိုက်အမှု များသည် မိမိတို့အတွက် လက်ငင်းအကျိုးယုတ်စေသကဲ့သို့ အများပြည်သူ အေးချမ်းသာယာမှုကို ပျက်ပြားစေပြီး နိုင်ငံတော်၏အကျိုးကိုပါ ဆုတ်ယုတ်စေသည်။ ထို့ကြောင့် နိုင်ငံတော်တစ်ဝန်းလုံး၊ ပြည်သူလူထုအားလုံး ငြိမ်းချမ်းသာယာခြင်းကို ဆောင်ကြဉ်းနိုင်ရန်အတွက် ဘာသာတရား၏အဆုံးအမ၊ ယဉ်ကျေးမှုဓလေ့စရိုက်နှင့် အညီ နေထိုင်ကြရမည်ဖြစ်သည်။ ပြည်ထောင်စုကြီး တည်တံ့သာယာဝပြောရေးကို အလိုရှိကြသော ပြည်သူအပေါင်းတို့သည် မကောင်းမှုများကိုရှောင်ရှား၍ မင်းမဲ့စရိုက်များကို ဝိုင်းဝန်းတားဆီး ကာကွယ်ကြရမည် ဖြစ်ပါကြောင်း။    ။

ကြေးမုံ