မကွေးမြို့ မြို့နယ်ဖူလုံရေးရုံး၌ အကျုံးဝင်မှတ်ပုံတင်ထားရှိသော အလုပ်ဌာနများမှ အာမခံအလုပ်သမားများအတွက် လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းနှင့် အခြားအကျိုးခံစားခွင့်များ ပေးအပ်ပွဲကျင်းပ

မကွေး ၄ ဇူလိုင်     

 

Coronavirus Disease 2019 COVID-19 နှင့််စပ်လျဉ်း၍ စက်ရုံ၊ အလုပ်ရုံများ လိုက်နာဆောင်ရွက်ရန် အသိပေးထုတ်ပြန်ကြေညာချက်အရ ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်းအဖွဲ့၏ စစ်ဆေးမှုခံယူခဲ့သော ၂၀၂၀ ပြည့်နှစ် ဧပြီလ ၂၀ ရက်မှ မေလ ၁၅ ရက်နေ့အတွင်း ယာယီပိတ်ထားသည့် မကွေးတိုင်းဒေသကြီး မကွေးမြို့ မြို့နယ်ဖူလုံရေးရုံး၌ အကျုံးဝင်မှတ်ပုံတင်ထားရှိသော အလုပ်ဌာနများမှ အာမခံအလုပ်သမားများအတွက် လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းနှင့် အခြားအကျိုးခံစားခွင့်များ ပေးအပ်ပွဲအခမ်းအနားကို ဇူလိုင် ၃ ရက် နံနက် ၁၀ နာရီက အဆိုပါရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

 

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ဆွေက အလုပ်သမားများ ကျန်းမာရေးကောင်းမွန်တိုးတက်စေပြီး အလုပ်လုပ်နိုင်တဲ့ စွမ်းအားမြင့်မား၍ ကုန်ထုတ်လုပ်မှုတိုးတက်စေရန်နှင့် အလုပ်သမားများ မကျန်းမာမှု၊ မီးဖွားမှု၊ သေဆုံးမှု၊ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရရှိမှု စတဲ့ လူမှုဒုက္ခများ ကြုံတွေ့လာ၍ အလုပ်မလုပ်နိုင်တဲ့အခါ အလုပ်သမားနှင့် အလုပ်သမားမိသားစု အခက်အခဲမရှိစေရေးအတွက် အလုပ်ရှင်၊ အလုပ်သမား၊ နိုင်ငံတော်စုပေါင်း၍ သုံးဦးသုံးဖလှယ် အာမခံထားတဲ့ လူမှုရေးအာမခံစနစ် စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ လူမှုဖူလုံရေးစီမံကိန်းရဲ့ ရည်မှန်းချက်ကတော့ တစ်မျိုးသားလုံး အကျုံးဝင်စေဖို့ ရည်ရွယ်ရေးဆွဲတာဖြစ်ပြီး ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေအရ အာမခံစနစ်(၆)မျိုး ပြဋ္ဌာန်းကာ လက်ရှိမှာ အာမခံစနစ်(၃)မျိုးကို အကောင်အထည်ဖော် ဆောင်ရွက်နေတာဖြစ်ကြောင်း၊ Coronavirus Disease 2019 COVID-19 ဖြစ်ပွားနေတဲ့ ကာလအတွင်းမှာလည်း အကျိုးခံစားခွင့်(၅)မျိုးအား ထပ်ဆောင်းခွင့်ပြုပေးလျက်ရှိကြောင်း၊ စုပေါင်းခြင်းဖြင့် ဖူလုံအံ့ “One For All, All For One” ဆောင်ပုဒ်နဲ့အညီ လုပ်ငန်များဆောင်ရွက်နေမှုအပေါ် မွန်မြတ်သော အာမခံစနစ်တစ်ခုအဖြစ် အလုပ်ရှင်၊ အလုပ်သမားတိုင်းသိရှိပြီး ဖူလုံရေးစီမံကိန်း အောင်မြင်တိုးတက်စေရေး ပူးပေါင်းပါဝင်  ဆောင်ရွက်ပေးကြဖို့ လိုအပ်မှာဖြစ်ကြောင်း အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသည်။

 

ဆက်လက်ပြီး ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ သိကောင်းစရာများနှင့် အကျိုးခံစားခွင့်များ အကြောင်းနှင့် ပတ်သက်၍ တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး တိုင်းဒေသကြီး တာဝန်ခံအရာရှိက ရှင်းလင်းတင်ပြပြီး အာမခံအလုပ်သမားများအတွက် လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့်များကို တာဝန်ရှိသူတို့က အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

 

မကွေးတိုင်းဒေသကြီးတွင် COVID-19 ကြောင့် ပိတ်ထားခဲ့ရသော စက်ရုံအလုပ်ရုံများကို ပူးပေါင်းစစ်ဆေးရေးအဖွဲ့နှင့် စစ်ဆေးပြီး ပြန်လည်ဖွင့်လှစ်ခွင့်ရသည့် စက်ရုံ၊ အလုပ်ရုံများကို အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ထောက်ပံ့မှုအနေဖြင့် ဌာန(၄)ခုကို ငွေကျပ် ၂၂၈၈၀၀၀ ကျော် ခွင့်ပြုခဲ့ပြီး နှစ်လုံးခွဲစိတ်ကုသခံယူတဲ့ အာမခံအလုပ်သမားကို ငွေကျပ် ၁၆ သိန်းကျော်နှင့် ကိုယ်ဝန်ဆောင်နှင့် ဆက်စပ်ပြီး မကျန်းမာမှုဆေးခွင့်များ အနေဖြင့် ငွေကျပ် ၃၆၈၈၀၀၀ ကျော် စုစုပေါင်း ငွေကျပ် ၇၆ သိန်းကျော်ကို အကျိုးခံစားခွင့်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သန်းနိုင်ဦး(ငဖဲ)