မကွေးမြို့နယ် သင်္ဘောဆိပ်ကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

မကွေး   ၂၅    ဇွန် 

 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ သင်္ဘောဆိပ်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဇွန်လ ပထမ အပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မကွေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

သင်္ဘောဆိပ်ကျေးရွာသည် ယခင်က ရွာတွင်းလမ်းများမှာ မိုးရာသီရောက်တိုင်း ရွှံ့စေးများကြောင့် သွားလာရေးခက်ခဲခဲ့ကြောင်း၊ ယခုအခါ  ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို   ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၁၀၀၊ ပြည်သူ ထည့်ဝင်ငွေကျပ် ၈၄ ဒသမ ၃ သိန်း၊  စုစုပေါင်းကုန်ကျငွေ ကျပ် ၁၈၄ ဒသမ ၃ သိန်းဖြင့် အရှည် ၁၃၀၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ခြောက်လက်မထု  ကွန်ကရစ်လမ်း ခင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

 အဆိုပါ လုပ်ငန်းဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ ကျေးရွာနေပြည်သူများ၊ ကျောင်းသား ကျောင်းသူများ၊ ရဟန်းသံဃာများ သွားလာရေး အဆင်ပြေနိုင်မှာဖြစ်ကြောင်း မကွေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိုးက ပြောပြသည်။

 

မကွေးမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းဖြင့် ခိုင်းကျေးရွာအပါအဝင် ကျေးရွာပေါင်း ၁၄ ရွာ၌ ကျေးရွာအဝင်နှင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ကိုးခု၊ ရေရှိရေးလုပ်ငန်း နှစ်ခု၊ လျှပ်စစ်မီးလင်းရေးလုပ်ငန်း သုံးခု၊ စုစုပေါင်း ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ၁၄ ခုကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

 

သန်းလွင်(မကွေး)