မကွေးမြို့နယ်၊ တည်ပင်ကန်ပေါက်ကျေးရွာ အောင်ချမ်းသာတဲတိုက်၌ စက်ရေတွင်းတူးဖော်နေမှု ကွင်းဆင်းစစ်ဆေး

မကွေး  ၁   ဒီဇင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တည်ပင်ကန်ပေါက်ကျေးရွာအုပ်စု၊ တည်ပင်ကန်ပေါက်ကျေးရွာ၊ အောင်ချမ်းသာတဲတိုက်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရန်ပုံငွေဖြင့် ဆောင်ရွက်နေသော သောက်သုံးရေရရှိရေး စက်ရေတွင်းတူးဖော် ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိုးနှင့် ဝန်ထမ်း များက ကျေးရွာရေပေးရေးကော်မတီဝင်များနှင့်အတူ တည်ပင်ကန်ပေါက်ကျေးရွာ၊ အောင်ချမ်းသာတဲတိုက် သောက်သုံးရေ ရရှိရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနပိုင် တွင်းတူးစက်ကြီးဖြင့် စက်ရေတွင်းတူးဖော် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်များနှင့်အညီ အချိန်မီ ပြီးစီးရေး ဆွေးနွေးမှာကြားသည်။

 

အဆိုပါ တည်ပင်ကန်ပေါက်ကျေးရွာ၊ အောင်ချမ်းသာတဲတိုက် စက်ရေတွင်းတူဖော်ခြင်းလုပ်ငန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၂၅ ဒသမ ၅ သန်းဖြင့် အကျယ်လေးလက်မ အနက်ပေ ၇၀၀ ခန့်ရှိ စက်ရေတွင်းတူးဖော်ခြင်း၊ ဂါလန် ၅၀၀၀ ဆံ့  အုတ်ရေကန်တည်ဆောက်ခြင်း၊ အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိ ရေစက်ရုံတည်ဆောက်ခြင်း လုပ်ငန်းများကို  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာများစုဖွဲ့ ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ စက်ရေတွင်း တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီပါက ကျေးရွာရှိ အိမ်ခြေ(၅၇)၊ လူဦးရေ (၂၅၃)ဦးနှင့် ကျွဲ၊ နွားတိရစ္ဆာန်များအတွက် နွေရာသီသောက်သုံးရေ အခက်အခဲများ အဆင်ပြေသွားမည်ဖြစ်ကြောင်း သိရသည်။

 

မကွေးမြို့နယ်အတွင်းရှိ ကျေးရွာများ သောက်သုံးရေရရှိရေးအတွက် ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် အောင်းချမ်းသာတဲတိုက်အပါအဝင် ရန်ပုံငွေကျပ် ၃၀၅ ဒသမ ၇၁ သန်းဖြင့် ကျေးရွာပေါင်း ၂၀ ရွာ၌ သောက်သုံးရေရရှိရေးလုပ်ငန်းများ အကောင်အထည်ဖော် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိုးထံမှ သိရသည်။

 

သန်းလွင်(မကွေး)