မကွေးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၂၉ အုပ်စုမှ တောင်သူ ၂၅၉ဦးအား လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) များ ပေးအပ်

မကွေး ၉  ဇန်နဝါရီ 

မကွေးမြို့နယ်အတွင်းရှိ ကျေးရွာ ၂၉ အုပ်စု၊ ကွင်းပေါင်း ၉၀၊ ဦးပိုင်ပေါင်း ၂၉၂၊ တောင်သူပေါင်း (၂၅၉) ဦးအတွက် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ (၇) လက်မှတ်များပေးအပ်ပွဲကို ယနေ့ မွန်းလွဲပိုင်းက မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ  မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တာဝန် ရှိသူများက ဇန်နဝါရီလ ၉ ရက် မွန်းလွဲ ၁ နာရီက လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ စိုက်ပျိုးရေး မွေးမြူရေးနင့်ဆည်မြောင်း ဝန်ကြီးဌာနဝန်ကြီး ဦးဝင်းမော်ဌေး၊ တိုင်း စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်း၊ တိုင်းလယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝင်း နှင့် တာဝန်ရှိသူများက လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ (၇) လက်မှတ်များပေးအပ်ခဲ့ရာ သက်ဆိုင်ရာကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့များက လက်ခံရယူခဲ့သည်။

mdn

 

မကွေးမြို့နယ်၌ လယ်၊ ယာ၊ ဥယျာဉ်၊ ကိုင်းကျွန်း မြေ ၂၀၁၈၇၉ ဧကရှိပြီး စိုက်ပျိုးမြေ ၁၉၇၃၂၇ ဧက အား ပုံစံ(၇) လက်မှတ်များ ထုတ်ပေးထားပြီးဖြစ်ကာ ရာခိုင်နှုန်း အားဖြင့် ၉၇.၇၅ ရာနှုန်း ထုတ်ပေးပြီးဖြစ်ကြောင်း မြေအသုံးချမှုစာရင်း ဇယားများအရ သိရသည်။

ပုံစံ (၇) ပေးအပ်ပွဲတွင် တိုင်းလယ်ယာမြေ စီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝင်းက လယ်ယာမြေဥပဒေ နှင့် မြေလွတ်မြေရိုင်းဥပဒေများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း ၊ ပုံစံ-၇ မရသေးသူ တောင်သူများအနေဖြင့် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ထံ လျှောက်ထားရမည်ဖြစ်ပြီး မှတ်ပုံတင်ကြေး ၅၀ဝ ကျပ်သာကုန်ကျမည်ဖြစ်ကြောင်း ပေးအပ်ပွဲမှ သိရသည်။

ဇေယျတု(မကွေး)

 

mdn