မကွေးမြို့ရှိ လမ်းသွယ်အားလုံးကို ကွန်ကရစ်ခင်းရန် ရည်ရွယ်လုပ်ဆောင်နေ

မကွေး  ၁  ဒီဇင်ဘာ

စည်ပင် ၆၀ ရာခိုင်နှုန်း၊ ပြည်သူ ၄၀ ရာခိုင်နှုန်း ငွေကြေးထည့်ဝင်ကာ မကွေးမြို့ရှိ လမ်းသွယ်အားလုံးကို ကွန်ကရစ်ခင်းနိုင်ရန် ရည်ရွယ်လုပ်ဆောင်နေပြီး လတ်တလောတွင် မြို့၏ လမ်းသွယ် ၄၀ ရာခိုင်နှုန်းခန့်ကို ကွန်ကရစ်ခင်း ပြီးဖြစ်ကြောင်း မကွေးမြို့နယ် စည်ပင်သာယာရေးကော်မတီ က သိရသည်။

 

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစကာ စည်ပင်၊ ပြည်သူ ပူးပေါင်းသည့်စနစ်ကို စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးဖိုးနီနှင့် မြို့အကျိုးလိုလားသူများက စတင်စမ်းသပ်လုပ်ဆောင်ခဲ့ရာ အောင်မြင်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အပြီးတွင် မြေသား လမ်းသွယ် ၁၂၃ လမ်းမှာ ကွန်ကရစ်လမ်းများ ဖြစ်လာခဲ့သည်။

 

“ကျွန်တော် စည်ပင်ကော်မတီထဲရောက်တော့ စည်ပင်ရဲ့ ဘတ်ဂျက်အနေအထားကို သိလာတယ်။ စည်ပင် ဘတ်ဂျက်နဲ့သာ လုပ်မယ်ဆိုရင် လမ်းတွေကောင်းဖို့က အရမ်းကြာမယ်။ ကြာပြီးတော့ ခင်းလိုက်ပျက်လိုက်နဲ့ သံသရာကြီးက လည်နေမှာ။ အချိန်တိုတစ်ခုအတွင်းမှာ မြို့ကိုတိုးတက်စေချင်တယ်။ ပြည်သူဘက်က ၄၀ ရာခိုင်နှုန်းလောက် ထည့်မယ်ဆိုရင်တော့ ဖြစ်နိုင်လောက်တယ်ဆိုပြီး စလုပ်ကြည့်လိုက်တာ။ မြို့လူထုက လက်ခံပြီး ပါဝင်လာကြတယ်။ အခုဆိုရင် မြို့ရဲ့လမ်းသွယ် ၄၀ ရာခိုင်နှုန်းလောက်က ကွန်ကရစ်လမ်းတွေ ဖြစ်ကုန်ပြီ ” ဟု စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးဖိုးနီ က ပြောသည်။

 

စည်ပင်ပြည်သူ ပူးပေါင်းခင်းခဲ့သည့် လမ်းများမှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၌ ၃ လမ်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ်တွင် ၄၃ လမ်း၊ ၂၀၁၉-၂၀၂၀ တွင် ၇၇ လမ်း၊ စုစုပေါင်း ၁၂၃ လမ်း ဖြစ်ပြီး စည်ပင်ဘတ်ဂျက်နှင့် ပြည်သူထည့်ဝင်ငွေ သိန်းပေါင်း တစ်သောင်းကျော်ရှိကြောင်း မှတ်တမ်းများအရ သိရသည်။

 

“စခင်းတဲ့ရပ်ကွက်က မြို့ဟောင်းနဲ့ သိင်္ဂါ။ တစ်ရပ်ကွက်လုံး ၈၅ ရာခိုင်နှုန်းလောက်ပြီးသွားပြီ။ ပြီးတော့ ကန်သာရပ်ကွက် ၈၀ ရာခိုင်နှုန်း လောက်ပြီးသွားပြီ။ အောင်ချမ်းသာရပ်ကွက်ကလည်း  လာမယ့် ၂၀၂၀-၂၀၂၁ မှာ ၂၄ လမ်း ထိလျှောက်ထားလာတယ်။ အောင်မင်္ဂလာ ရပ်ကွက်ကလည်း လိုက်လာပြီ။ ၁၅ ရပ်ကွက်ရှိတဲ့ထဲမှာ အောင်မေတ္တာရပ်ကွက်ပဲ မခင်းသေးတာ။ စနစ်ကကောင်းတဲ့အတွက် ပြည်သူလူထုကလည်း ခင်းလိုက်တဲ့ လမ်းလေးတွေကို ကျေနပ်ကြတယ်။ ဒါ့ကြောင့် ခင်းတဲ့လမ်းတွေက တစ်နှစ်ထက်တစ်နှစ် ပိုတိုးလာတယ် ” ဟု စည်ပင်သာယာရေးကောမတီဥက္ကဋ္ဌ ဦးဖိုးနီ က ရှင်းပြသည်။

 

လမ်းအလိုက်ဖွဲ့စည်းထားသည့် လမ်းကော်မတီ(၇၈)ခုက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကွန်ကရစ်လမ်းခင်း လိုကြောင်း လျှောက်ထားခဲ့ပြီး (၇၈)လမ်းထဲမှ လမ်း(၄၄)လမ်းကို တင်ဒါခေါ်၍ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စည်ပင် ပြည်သူ ပူးပေါင်းထည့်ဝင်ငွေအားလုံး သိန်း ၉၀၀၀ ခန့် သုံးစွဲမည်ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်မတိုင်မီတွင် မြို့၏ လမ်းသွယ် ၈၀ ရာခိုင်နှုန်းခန်းမှာ ကွန်ကရစ်လမ်းများ ဖြစ်သွားမည်ဟု ခန့်မှန်းထားကြောင်း မကွေးမြို့နယ် စည်ပင်သာယာရေး ကော်မတီ က သိရသည်။

ဇေယျတု(မကွေး)