မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၁)ကြိမ်မြောက် အစည်းအဝေးကျင်းပ

မကွေး၊  ၂၁  ဇန်နဝါရီ  

 

မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၁)ကြိမ်မြောက် အစည်းအဝေးကို  ဇန်နဝါရီ ၂၁ ရက် မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြပြီး ကော်မတီသို့တင်ပြလာသည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း  ၁ ခုကို အတည်ပြုမိန့်ထုတ်ပေးရန်နှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခုကို အတည်ပြုမိန့် ပြင်ဆင်ခွင့်ပြုရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။

 

မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် ကော်မတီစတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဇူလိုင် ၇ ရက်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအထိ မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၅ ခု၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၅.၃၃၀ သန်းနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း  ၂၀ ခု၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ  အမေရိကန်ဒေါ်လာ ဝ.၈၉၅ သန်းအပါအဝင် မြန်မာကျပ်သန်း ၁၂၅၇၆.၈၀၀ ခွင့်ပြုပေးနိုင်ခဲ့ကြောင်း၊ အဆိုပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများက ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၂၀၇၁ ခု ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။

 

မကွေးတိုင်းဒေသကြီးအတွင်း မြန်မာနိုင်ငံရင်းနှီးရင်းနှီးမြှုပ်နှံမှုနှင့်အညီ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းလုပ်ကိုင်လိုသည့် လုပ်ငန်းရှင်များအနေဖြင့် မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၊ မြို့နယ်စုပေါင်းရုံး (ဒုတိယထပ်)၊ ပြည်တော်သာ(၁)လမ်း၊ ပြည်တော်သာရပ်ကွက်၊ မကွေးမြို့၊ ဖုန်း-၀၆၇ ၂၀၂၈၇၄၈၊ ဖက်စ်- ၀၆၇ ၂၀၂၈၇၄၇ သို့  ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

 

သန်းနိုင်ဦး(ငဖဲ)

 

mdn