မက်ခရွန်နှင့် အန်ဂျလာမာကယ်တို့ ဥရောပသမဂ္ဂစီးပွားရေးဦးမော့လာစေရေးစီမံကိန်း ဆွေးနွေးတင်ပြမည်

ပါရီ   ၁၉  မေ

ပြင်သစ်သမ္မတ မက်ခရွန်နှင့် ဂျာမနီဝန်ကြီးချုပ် အန်ဂျလာမာကယ်တို့သည် ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းမှ ဥရောပသမဂ္ဂ၏စီးပွားရေး ဦးမော့လာစေရေး ပူးတွဲစီမံကိန်းတစ်ခုကို တနင်္လာနေ့တွင် ဆွေးနွေးကြမည်ဖြစ်ပြီး ၎င်းစီမံ ချက်ကို ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ တင်ပြမည်ဖြစ်ကြောင်း ပြင်သစ်သမ္မတရုံးက ပြောကြားသည်။

၎င်းဆွေးနွေးပွဲတွင် ဥရောပအဆင့်၌ ကိုဗစ်-၁၉ အကျပ်အတည်းကို တုံ့ပြန်ရေး ပြင်သစ်-ဂျာမနီ စီမံကိန်းကို သတ်မှတ်မည်ဖြစ်ကြောင်း ၎င်းသမ္မတရုံးက ပြောကြားသည်။

နှစ်နိုင်ငံခေါင်းဆောင်များသည် ဂရင်းနစ်စံတော်ချိန် ညနေ ၃ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် တွေ့ဆုံဆွေးနွေး ကြမည်ဖြစ်ပြီး သတင်းစာရှင်းလင်းပွဲကို ညနေ ၅ နာရီ ဝန်းကျင်တွင် ပြုလုပ်ရန်လျာထားသည်။

ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ရပ်တန့်ရန် ချမှတ်ခဲ့သည့် မြို့ရွာ အဝင်အထွက် တားမြစ်ပိတ်ဆို့မှုမှ ဥရောပသည် စတင်လွတ်မြောက်လာနေပြီဖြစ်သည်။ အဆိုပါ မြို့ရွာအဝင်အထွက် တားမြစ်ပိတ်ဆို့မှုသည် ဥရောပနိုင်ငံများ၏ စီးပွားရေးကို အထိနာစေခဲ့ပြီး လပေါင်းများစွာရှည်ကြာနိုင်သည့် စီးပွားရေးကျဆင်းမှုများ ပေါ်ပေါက်စေခဲ့သည်။

ဥရောပသမဂ္ဂက အရေးပေါ်အခြေအနေ ရန်ပုံငွေ ယူရို ဘီလီယံ ၅၀၀ (ဒေါ်လာ ဘီလီယံ ၅၄၀) စုစည်းရန် ပြီးခဲ့သည့်လက ကတိပြုခဲ့သည်။ သို့သော်လည်း ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် အကောင်းဆုံး တုံ့ပြန် ဆောင်ရွက်မှုပုံစံနှင့်ပတ်သက်၍ ရက်သတ္တပတ်များစွာ သဘောထားကွဲလွဲခဲ့ကြသည်။

ယခုဆွေးနွေးပွဲသည် အသုံးစရိတ်လိုငွေ များစွာပြနိုင်သည့် ဥရောပမြောက်ပိုင်းနိုင်ငံများနှင့် ငွေကြေးပိုမိုသုံးစွဲရန် အလွန်အမင်း လိုအပ်နေသည့် အီတလီ နှင့် စပိန်ကဲ့သို့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဆိုးရွားစွာခံရသည့် တောင်ပိုင်းနိုင်ငံများအကြား သဘောထားကွဲလွဲမှုကို မြင်သာအောင် တစ်ဖန်လှစ်ပြနေသည်။

ကိုးကား - အေအက်ဖ်ပီ ဘာသာပြန် - အောင်ဇော်လင်း