MLBB M2 World Championship 2020 ပြိုင်ပွဲတွင် ဖိလစ်ပိုင်နိုင်ငံကိုယ်စားပြု BREN ESPORTS အသင်း Champion ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြု Burmese Ghouls အသင်း 1st Runner Up ဆုဖြင့်သာ ကျေနပ်ခဲ့ရ

ရန်ကုန်  ၂၄ ဇန်နဝါရီ 

စင်ကာပူနိုင်ငံ၌ ကျင်းပနေသည့် M2 World Championship ပြိုင်ပွဲ Grand Final  ပွဲစဉ်တွင် ဖိလစ်ပိုင်နိုင်ငံကိုယ်စားပြု BREN ESPORTS အသင်းက မြန်မာနိုင်ငံကိုယ်စားပြု  Burmese Ghouls အသင်းကို  ၄-၃ နှင့် ရလဒ်ဖြင့် ယှဉ်ပြိုင်အနိုင်ကစားခဲ့ပြီး Champion ဆုတံဆိပ်ကို ပိုင်ဆိုင်သွားပြီဖြစ်သည်။

ယနေ့နံနက်ပိုင်းက ယှဉ်ပြုင်ကစားခဲ့သည့် Lower Bracket ပွဲစဉ်ဖြစ်သည့် BREN ESPORTS နဲ့ Rex Regum Qeon (RRQ) တို့ပွဲစဉ်တွင် BREN ESPORTS က ၃-၁ နဲ့ အနိုင်ရရှိကာ Grand Final သို့ တက်ရောက်လာပြီး Burmese Ghouls အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံကိုယ်စားပြု Burmese Ghouls အသင်းအနေဖြင့် အုပ်စု(က)တွင် စင်ကာပူနှင့် ရုရှားကိုယ်စားပြု အသင်းတို့နှင့် ကျရောက်ခဲ့ပြီး နှစ်ပွဲစလုံး အနိုင်ကစားကာ Upper Bracket တွင်လည်း နာမည်ကြီး အင်ဒိုနီးရှားနိုင်ငံ ကိုယ်စားပြု RRQ Hoshi အသင်းကို (၃-၂) ပွဲဖြင့် အနိုင်ရရှိသဖြင့် Grand Final ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ယင်းပြိုင်ပွဲကို ဇန်နဝါရီ ၁၈ ရက်မှ ၂၄ ရက်အထိ စင်ကာပူနိုင်ငံ၌ ကျင်းပနေခြင်းဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံမှ Rex Regum Qeon (RRQ) နှင့် ALTER EGO ESPORTS အသင်း၊ ဖိလစ်ပိုင်နိုင်ငံမှ BREN ESPORTS နှင့် OMEGA ESPORTS အသင်း၊ မလေးရှားနိုင်ငံမှ TODAK အသင်း၊ စင်ကာပူနိုင်ငံမှ RSG နှင့် EVOS SG အသင်း၊ မြန်မာနိုင်ငံမှ Burmese Ghouls အသင်း၊ ဂျပန်နိုင်ငံမှ 10S GAMING FROST အသင်း၊ ကမ္ဘောဒီးယားနိုင်ငံမှ IMPUNITY KH အသင်း၊ ရုရှားနိုင်ငံမှ UNIQUE DEVU အသင်း၊ ဘရာဇီးနိုင်ငံမှ DREAMMAX ကိုယ်စားပြုအသင်းတို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ချန်ပီယံဆုအဖြစ် ဆုကြေးငွေအနေနဲ့ အမေရိကန်ဒေါ်လာ တစ်သိန်းလေးသောင်းကို ပိုင်ဆိုင်ရမည့်အပြင် အသင်း၏ အမှတ်အသားတံဆိပ်ဖြင့် စိတ်ကြိုက် ဟီးရိုးတစ်ကောင်၏ in-game skin ပေးအပ်ချီးမြှင့်မည် ဖြစ်သည်။

ပြိုင်ပွဲကို စင်ကာပူနိုင်ငံ Cyber Sports and Online Gaming အစည်းအရုံး (SCOGA)၊ စင်ကာပူနိုင်ငံ ခရီးသွားဘုတ်အဖွဲ့နှင့် MOONTON တို့မှ ပူးပေါင်းကျင်းပခဲ့‌ကြောင်း သိရသည်။

MDN

ဓာတ်ပုံ-Burmese Ghouls အသင်း Facebook