မလေးရှားနှင့် သြစတြေးလျနိုင်ငံသား (၂၅) ဦးပါဝင်သည့် ခရီးသွားအဖွဲ့တာချီလိတ်မြို့မှတစ်ဆင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ ထွက်ခွာ

တာချီလိတ် ၁၃ ဖေဖော်ဝါရီ

 

မလေးရှားနှင့် သြစတြေးလျနိုင်ငံသား (၂၅) ဦးပါဝင်သော ကမ္ဘာလှည့်ခရီးသွားအဖွဲ့သည် မော်တော်ယာဉ် (၂)စီး၊ မော်တော်ဆိုင်ကယ် (၁၃)စီးဖြင့် ဖေဖော်ဝါရီ ၁၃ ရက်နေ့ နံနက်က ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၁) တံတားမှတစ်ဆင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ ထွက်ခွာသွားကြောင်း သိရှိရသည်။

 

မလေးရှားနိုင်ငံသား (၂၂)ဦးနှင့် သြစတြေးလျနိုင်ငံသား (၃)ဦးပါဝင်သော ခရီးသွားအဖွဲ့သည် ဇန်နဝါရီ ၃၁ ရက်တွင် မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့မှ ဝင်ရောက်လာခဲ့ပြီး မြဝတီ၊ ကျိုက်ထီးရိုး၊ ရန်ကုန်၊ ပုဂံ၊ ရွှေဘို၊ မြစ်ကြီးနား၊ ပူတာအို၊ အင်းလေး၊ နမ့်စန်၊ ကျိုင်းတုံနှင့် တာချီလိတ်မြို့များသို့ (၁၄)ရက်ကြာ လာရောက်လည်ပတ်ခဲ့ပြီးနောက် တာချီလိတ်မြို့မှတစ်ဆင့် မယ်ဆိုင်မြို့သို့ ပြန်လည်ထွက်ခွာသွားကြခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံတွင်းသို့ ထိုင်းနိုင်ငံနယ်စပ် ကရင်ပြည်နယ် မြဝတီနယ်စပ်ပေါက်မှလည်းကောင်း၊ အိန္ဒိယနိုင်ငံနယ်စပ် တမူးနယ်စပ်ဝင်ပေါက်မှလည်းကောင်း ကိုယ်ပိုင်ဆိုင်ကယ်၊ မော်တော်ယာဉ်များဖြင့် ဝင်ရောက်လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွားများသည် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှတစ်ဆင့် ထိုင်းနိုင်ငံဘက်သို့ ပြန်လည်ထွက်ခွာလေ့ရှိခြင်းဖြစ်သည်။

 

တာချီလိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ဝင်ပေါက် ထွက်ပေါက်ဖြစ်သော မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတားမှ ဝင်ထွက်သွားလာနေသည့် နိုင်ငံခြားသားခရီးသွားများအား လိုအပ်သည့် ပံ့ပိုးမှုရရှိနိုင်ရေးအတွက် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့၏ တပ်ဖွဲ့စု(၁၄) တာချီလိတ်မှသက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်၍လိုအပ်သည်များကို စိစစ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။

 

ယာဆေး(ပြန်/ဆက်)