မလှိုင်မြို့၊ လှိုင်သာယာပန်းခြံကို အများပြည်သူ အပန်းဖြေအနားယူနိုင်ရန်  အဆင့်မြှင့်တင်သွားမည်

မလှိုင် ၂၄ ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့၊ မိတ္ထီလာ- မြင်းခြံသွား ကားလမ်းမဘေးရှိ လှိုင်သာယာပန်းခြံကို အများပြည်သူ စိတ်ချမ်းမြေ့ ပျော်ရွှင်စွာဖြင့် အပန်းဖြေ အနားယူနိုင်ရန်အတွက် ပန်းခြံအဆင့်မြင့်တင်ခြင်း လုပ်ငန်းကို ဇန်နဝါရီ ၂၃ ရက်နေ့မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

 

အဆိုပါ ပန်းခြံအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ငွေကျပ်သိန်း(၁၁၄ဝ) ဖြင့် တင်ဒါအောင်မြင်ခဲ့သော သူနိုင်အောင် စီးပွားရေး လုပ်ငန်းစုမှ စတင်အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။ ပန်းခြံအတွင်း အများပြည်သူ စိတ်ချမ်းမြေ့ ပျော်ရွှင်စွာဖြင့် အပန်းဖြေ အနားယူနိုင်ရန်အတွက် ရေပန်းဥယျာဉ်၊  ပန်းဥယျာဉ်နှင့် ပန်းပျိုးပင်အရောင်းဆိုင်များ၊ စားသောက်ဆိုင်များ ထားရှိ ဖွင့်လှစ်သွားမည်ဖြစ်သည်။ အားကစားခန်းမတစ်ခုပါရှိပြီး ကျန်းမာရေးလိုက်စားလိုသူများအတွက် အဆင့်မြင့် Body fitness Center၊ ဖူဆယ်ဘောလုံးကွင်းနှင့် အားကစားပစ္စည်းမျိုးစုံ အရောင်းဆိုင်များ ထားရှိ၍ ဝင်ကြေးကောက်ခံခြင်းမပြုဘဲ ဖွင့်လှစ်သွားမည်ဖြစ်သည်။ ထို့အပြင် အဆင့်မြင့် သန့်စင်ခန်းများကိုပါ ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

 

ပန်းခြံ အဆင့်မြှင့်တင်ခြင်းနှင့် ပတ်သက်၍ မြို့ခံဖြစ်သူ ဦးတေဇာလွင်ကလည်း ‘‘လှိုင်သာယာပန်းခြံက မြို့၏ အချက်အချာကျသည့် နေရာမှာတည်ရှိပြီး ဈေးနဲ့ကပ်လျက် လူအများ အလွယ်တကူ ဝင်ထွက်သွားလာနိုင်တာရယ်၊ ကျနော်တို့မြို့က ကိုယ်ပိုင်ကျောင်းများနှင့် ဘော်ဒါအများစုရှိတော့ ကိုယ်ပိုင်ကျောင်းတွေက အပြင်ထွက်ခွင့် (Out Pass)ပေးတဲ့နေ့ဆို လူအရမ်းများပါတယ်၊ မြို့နယ် ပေါင်းစုံက လာရောက်ကြတဲ့သူတွေအတွက်လည်း နားနေဖို့ အဆင်ပြေသွားတာပေါ့ ဒါကြောင့် ဖြစ်သင့်ပါတယ်” ဟု ပြောပြခဲ့သည်။

 

အောင်ဌေး(မလှိုင်)