မမေ့မလျော့သောအသိဖြင့် ကျေးဇူးဆပ်ကြပါစို့

mdn

 နေပြည်တော် ၃ ဇူလိုင်

 

နှစ်တစ်နှစ်သည် ကုန်ဆုံးချိန်မြန်လွန်းလှသည်။ ရက်မှသည် လပြောင်း၊ တစ်လပြီးတစ်လကူးပြောင်းလာခဲ့ရာ ယခု၂ဝ၂ဝ ပြည့်နှစ်တစ်ဝက်ကျိုးခဲ့ပြီး ဇူလိုင်လသို့ရောက်ရှိလာပြီ ဖြစ်သည်။ မိုးရာသီကာလဇူလိုင်လတွင် ကျွန်ုပ်တို့ ပြည်သူပြည်သားများ အထူးသတိတရရှိကြသည့်အကြောင်းမှာ အမျိုးသားခေါင်းဆောင် အာဇာနည် ပုဂ္ဂိုလ်ကြီးများ ကျဆုံးခြင်းအထိမ်းအမှတ် ဖြစ်သည်။

 

ယခုအခါ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ပုဂ္ဂိုလ်ကြီးများ ကျဆုံး ခဲ့ရရှာ သည်မှာ (၇၃) နှစ်တာကာလသို့ပင် ရောက်ရှိလာပြီ ဖြစ်သည်။ နှစ်ပေါင်း ၇၀ ကျော်ကာလပင်ဖြစ်သော်လည်း ပြည်သူပြည်သားများအဖို့ ယနေ့ထက်တိုင် မမေ့နိုင်ကြသေးပါ။ အာဇာနည်နေ့သည် ပြည်ထောင်စုမြန်မာနိုင်ငံ အတွက် ကမ္ဘာတည်သရွေ့ မမေ့နိုင်သော နေ့တစ်နေ့ ဖြစ်ပါသည်။

 

နှစ်စဉ် ဇူလိုင်လကာလတွင် အာဇာနည်ခေါင်းဆောင်ကြီးများအား သတိတရဖြစ်စေသည့် အမှတ်တရများ၊ ဂုဏ်ပြုခြင်းများ၊ ဂါရဝပြုခြင်းများ အတွက် ပြင်ဆင်နေကြပြီ။ တစ်နိုင်ငံလုံး မြို့တိုင်းမြို့ တိုင်း အာဇာနည်နေ့ အခမ်းအနားအတွက် လုပ်ကိုင်ဆောင်ရွက်ကြသည်။ ယခုနှစ်အဖို့မှာမူ ကိုဗစ်-၁၉ ရောဂါကြောင့် လူစုလူဝေး ဖြစ်စေမည့် အခမ်းအနားများကို ရှောင်ကြဉ်ရမည်ဖြစ်ရာ အာဇာနည်နေ့ အထိမ်းအမှတ်ကို သတ်မှတ်ချက် နှင့်အညီ ပြုလုပ်ကြရမည် ဖြစ်သည်။

 

မည်သို့ပင်ဖြစ်စေ အာဇာနည်နေ့နှင့် အာဇာနည်ခေါင်းဆောင်ကြီးများကို ပြည်သူများ၏ နှလုံးသားတွင် ထာဝရစွဲထင်တင်ကျန်နေပြီးဖြစ်ရာ အခမ်းအနား ပြုလုပ်ရသည်ဖြစ်စေ၊ မပြုလုပ်ရသည်ဖြစ်စေ ဤနေ့၊ ဤရက်၊ ဤကာလ၌ ပြည်သူများ၏နှလုံးသား၌အောက်မေ့သတိရ အမှတ်ရနေကြ မည်ဖြစ်သည်။ ပို၍ဖြစ်သင့် သည်မှာ တိုင်းပြည်နှင့်လူမျိုး လွတ်မြောက်ရေး အတွက် အသက်ကိုပေးဆပ်ကာ ကြိုးပမ်း ဆောင်ရွက် ခဲ့ကြသည့် အာဇာနည် ခေါင်းဆောင်ကြီးများအား သတိရခြင်းသက်သက်ထက် ၎င်းတို့၏ ဂုဏ်ကျေးဇူးများကို သတိရပြီး ကျေးဇူးပြန်လည်တုံ့ပြန်သင့်ပေသည်။

 

ကျွန်ုပ်တို့ မြန်မာတစ်မျိုးသားလုံး သူ့ကျွန်ဘဝမှ လွတ်မြောက်ရေး အတွက် အသက်ပေးသွားကြသော အာဇာနည် အပေါင်းတို့၏ ဂုဏ်ကျေးဇူး နှင့် အာဇာနည်ပုဂ္ဂိုလ်များ လမ်းညွှန်ထားသည့်အတိုင်း ကျွန်ုပ်တို့ နိုင်ငံတော်ကို တည်ဆောက်ရေးနှင့် ကျွန်ုပ်တို့နိုင်ငံတော်၏ လွတ်လပ်ရေး အဓွန့်ရှည်ကာ သာယာဝ ပြောရေး အတွက် မမေ့မလျော့၊ သစ္စာရှိရှိ၊ တာဝန် သိသိ၊ ဇွဲမာန်အပြည့်ဖြင့် ညီညီညွတ်ညွတ် ဆက်လက်ကြိုးပမ်း အားထုတ် ကြရမည် ဖြစ်သည်။

 

ကျွန်ုပ်တို့နိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုကာလသည် လူ့သက်တမ်း တစ်ဆက်မက ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သူ့ကျွန်ဘဝမှ ခါးသီးဖွယ်ရာဖြစ်ရပ် များ၊ အဖြစ်ဆိုးများကို ပြန်လည်ဖော်ထုတ်ခြင်းသက်သက်ဖြင့် သတိရရုံ သာဖြစ်ပေလိမ့်မည်။ ထိုသို့အဖြစ်ဆိုးများနှင့် မကြုံရအောင်နောင်သူတစ်ပါး လက်ခုပ်ထဲကရေ မဖြစ်ရအောင် အမျိုးသားခေါင်းဆောင်ကြီးများ၏ ဂုဏ်ပုဒ် များနှင့် လမ်းညွှန်ခဲ့မှုများကို ပြန်လည်သတိရပြီးနောက် ရှေ့အဖို့ တွင် ကျွန်ုပ်တို့နိုင်ငံနှင့် ပြည်သူများလူတစ်လုံးသူတစ်လုံးကြားကြွားဝင့်ဝင့် တင့်တင့် တယ်တယ် နေထိုင် နိုင်အောင် ကြိုးစားအားထုတ်ကြရမည် ဖြစ်သည်။

 

ကျွန်ုပ်တို့သည် ယခုလွတ်လပ်သောဘဝတွင် မွေးဖွားနေထိုင်လာကြ ရသဖြင့် မလွတ်လပ်သောဘဝ၊ ခါးသီး သော ဘဝများ၏အဖြစ်များကို လက်တွေ့ခံစားရနိုင်မည် မဟုတ်ပါ။ မြန်မာတစ်မျိုးသားလုံး သူ့ကျွန် ဘဝမှ လွတ်မြောက်ရေးအတွက် ကျွန်ုပ်တို့ဘိုးဘေးများက နယ်ချဲ့သမားများနှင့် ဖက်ဆစ်တို့အား အသက်၊ သွေး၊ ချွေးတို့ စတေးပေးဆပ်ကာ နည်းလမ်းအဖုံဖုံ ဖြင့် တော်လှန်ခဲ့ကြရပါသည်။ နောက်ဆုံး၌ သူ့ကျွန်ဘဝမှ လွတ် မြောက်အံ့ဆဲဆဲ အချိန်အခါကျမှ နယ်ချဲ့လက်ပါးစေ မသမာသူလူတစ်စု၏လုပ်ကြံသတ်ဖြတ် မှုကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရ ပါသည်။

 

ထို့ကြောင့် အာဇာနည်နေ့ကာလရောက်တိုင်း ဝမ်းနည်းကြေကွဲ စိတ်မကောင်းနေရုံမျှဖြင့် မပြီးပါ။ သတိတရ အမှတ်ရခြင်းအဖြစ်မှ အာဇာနည် ခေါင်းဆောင်ကြီးများ၏ အသက်၊ သွေး၊ ချွေး၊ ဘဝများဖြင့် ရင်းနှီးရယူပေးခဲ့ သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး စည်းလုံးညီညွတ်ရေး၊ ရယူပေးခဲ့သည့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး နှင့် အမျိုးသား ခေါင်းဆောင်အာဇာနည်ပုဂ္ဂိုလ်ကြီးများ လမ်းညွှန် ချမှတ်ခဲ့သော နိုင်ငံတော် သာယာဝပြောရေး၊ ဖွံ့ဖြိုးရေးတာဝန်များကို ကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်သည်။

 

သို့ဖြစ်ရာ ၂ဝ၂ဝ ပြည့်နှစ် ဇူလိုင်လ အာဇာနည်နေ့ကာလသို့ ရောက်ရှိ လာပြီဖြစ်ရာ အာဇာနည် ခေါင်းဆောင် ကြီး များ၏ ဂုဏ်ကျေးဇူးများ၊ သစ္စာ တရားများကို မမေ့သောအားဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကြီး ငြိမ်းချမ်းသာယာဖွံ့ဖြိုးလာအောင်၊ စိန်ခေါ်မှုများကို ကျော်လွှားပြီး ဘေးမသန်းဖယ်ခွာ ချမ်းသာ လာအောင် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက် ကြရမည် ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ