မင်းဘူး(စကု)မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် မိုးသီးနှံစိုက်ဧကပေါင်း ၄၇၃၇ ဧကအတွက် ချေးငွေများ ထုတ်ချေးပြီးစီး

မင်းဘူး   စက်တင်ဘာ   ၇

      

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင်၂၀၂၁ ခုနှစ် မိုးသီးနှံအတွက် စိုက်ပျိုးစရိတ် ချေးငွေများကို ယမန်နေ့ မွန်းတည့် ၁၂ နာရီ အချိန်က ဆက်လက်ထုတ်ချေးပေးလျက်ရှိရာ အုပ်စု ၂၈အုပ်စု၊ တောင်သူ ၇၅၆ ဦးနှင့် စပါး ၁၆၇၇ ဧက၊  နှမ်းသီးနှံစိုက်ဧက ၃၀၆၀ ဧကတို့အတွက် ကျပ်သိန်းပေါင်း ၅၅၇၅.၅၀ ကျပ်ကို  ထုတ်ချေးပြီး သွားပြီဖြစ်ကြောင်း မင်းဘူးမြို့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

      

မင်းဘူးမြို့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် အနေဖြင့် ၂၀၂၁ ခုနှစ် မိုးသီးနှံအတွက် စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးရာတွင် ယခင်နှစ် ၂၀၂၀ မိုးသီးနှံချေးငွေများ ပြေကျေစွာ ပေးဆပ်ပြီးသူ တောင်သူများကိုသာ  ဦးစွာထုတ်ချေးပေးလျက်ရှိပြီး ချေးငွေများ ထုတ်ချေးပေးနေစဉ် ကာလအတွင်း လာရောက်ပေးဆပ်သူ တောင်သူဦးကြီးများ၏ ချေးငွေပေးဆပ်မှုကို လက်ခံ၍ အသစ်တဖန် ပြန်လည် ထုတ်ချေးပေးလျက်ရှိကြောင်း ဘဏ်ချေးငွေများ ထုတ်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ထုတ်ပေးလျက်ရှိပြီး တစ်ဦးနှင့် တစ်ဦး ၆ ပေအကွာတွင် နေထိုင်ခြင်း၊ လက်ဆေးခြင်း၊ MASK တပ်ဆင်ခြင်း၊ တစ်ဦးပြီးမှ တစ်ဦးအလှည့်ကျ စနစ်များဖြင့် စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်းလည်း သိရသည်။

     

၂၀၂၁ ခုနှစ် မိုးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးရန် လျာထားချက်ရှိသည်မှာ မိုးရာသီတွင် မိုးစပါးနှင့် အခြားသီးနှံများ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် မိုးသီးနှံစပါး တစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်းနှင့် အခြားသီးနှံ တစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်းတို့ဖြင့် ထုတ်ချေးပေးခြင်း ဖြစ်ကြောင်း၊ မိုးသီးနှံအတွက် စိုက်ပျိုးစရိတ် ချေးငေွများ ထုတ်ချေးပေးရန် ကျန်ရှိနေသေးသည့် ကျေးရွာများမှ တောင်သူများကိုလည်း သတ်မှတ်ကာလအတွင်း ဆက်လက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ဘဏ်မန်နေဂျာ ဒေါ်ဇင်ဝင်းမာက ပြောသည်။

 

 ဇေယျာထက်(မင်းဘူး)