မင်းဘူး(စကု)မြို့နယ် မယ်ဘေ့ကုန်းကျေးရွာတွင် ပျူခေတ် ရှေးဟောင်းပစ္စည်းများ ခင်းကျင်းပြသထား

မင်းဘူး ဇွန် ၂၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မယ်ဘေ့ကုန်းကျေးရွာရှိ PANHTWAR GALLERY ပြတိုက်ငယ် (Mini Museum) အတွင်း၌ ယနေ့ ခေတ်လူငယ်များ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ ပျူခေတ်က ရှေးဟောင်းပစ္စည်းများကို ရှာဖွေစုဆောင်း ခင်းကျင်းပြသထားကြောင်း သိရသည်။

အဆိုပါပြတိုက်ကို မယ်ဘေ့ကုန်းကျေးရွာနေ သမိုင်းသုတေသီ ဦးကျော်စိန်ဝင်း ကျောင်းအုပ်ဆရာကြီး(ငြိမ်း)က ပျူဒေသ သမိုင်းအကြောင်းကို သုတေသနပြုလုပ်ရန်အတွက် (၁၉၈၃)ခုနှစ်မှစတင်ကာ ဧရာဝတီမြစ်အနောက်ဘက် မြစ်ကမ်းတစ်လျှောက် မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက်၍ ရှေ့ဟောင်းပစ္စည်းများကို လှည့်လည်ရှာဖွေစုဆောင်းခဲ့ပြီးနောက် သမိုင်းမှတ်တမ်းများကို လေ့လာပြုစု မှတ်တမ်းတင်ခဲ့သည်။

ပျူဒေသဟုဆိုလျှင် တောင်တွင်းကြီးမြို့နယ်ရှိ ဗိဿနိုးဟန်လင်းနှင့် သရေခေတ္တရာကို ပြေးမြင်ရောင်မိကြသည်။ ၎င်းနည်းတူ ပွင့်ဖြူမြို့နယ်ရှိ လယ်ကိုင်းမြို့ဟောင်းသည်လည်း ခေတ်အဆက်ဆက်၌ ပျူဒေသအဖြစ်တည်ရှိခဲ့ပြီး မင်းဘူး(စကု)မြို့နယ်သည်လည်း ပျူဒေသအဖြစ်တည်ရှိခဲ့သည်။ ထို့ကြောင့် “သုနာပရန္တ ပျူဒေသ” (ခေါ်) “ပျူတို့ဌာနေ မင်းဘူးမြေ” ဟူ၍လည်း ရှေးစာဆိုများက တင်စားခေါ်ဝေါ်ကြကြောင်း သမိုင်းအထောက်အထားများအရ သိရှိရသည်။

(၁၉၉၅) ခုနှစ်နောက်ပိုင်းတွင် ပြခန်းစတင်ဖွင့်လှစ်ခဲ့ကာ ယနေ့ခေတ် ကျောင်းသား/လူငယ်များအနေဖြင့် အသိပညာဗဟုသုတ ရရှိစေရန်နှင့် မြန်မာစာ၊ မြန်မာ့သမိုင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို အမြတ်တနိုး တန်းဖိုးထားပြီး လေ့လာနိုင်စေရန်၊ ကိုယ့်သမိုင်း၊ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးတို့၏ မျိုးချစ်စိတ်ဓာတ်များ ပေါ်လွင်နိုင်စေရန်နှင့် ရှေးဟောင်းပစ္စည်းများ တိမ်ကော မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ပြတိုက်ကို ယနေ့အထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သမိုင်းသုတေသီ ဦးကျော်စိန်ဝင်းက ပြောသည်။

ပြတိုက်ထဲတွင် ပျူခေတ်အသုံးအဆောင်ပစ္စည်းများ၊ ပတီးစေ့မျိုးစုံ၊ အိုးခွက်ပန်းကန်းမျိုးစုံ၊ အုတ်ဒီဇိုင်းမျိုးစုံ၊ အိုးချမ်းပဲ့များ၊ အရိုးအိုးများ၊ ပျူခေတ် လူသေမြှုပ်နှံရာတွင် အသုံးပြုသည့် တန်ဆာဆင်ပစ္စည်းများ၊ ပျူခေတ် သံလက်နက်/ကြေးလက်နက် ပစ္စည်းမျိုးစုံအပြင် မင်းဘူးဒေသရှိ သမိုင်းတွင် လူပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိများ၊ နိုင်ငံကျော် ပန်းချီပညာရှင်များ၏ အနုပညာလက်ရာမြောက် ပန်းချီကားများ၊ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ပျူခေတ်ပစ္စည်းများနှင့် ခေတ်အဆက်ဆက် အထင်ကရ ရှေးဟောင်းပစ္စည်း အမျိုးအစားပေါင်းများစွာကို ခင်းကျင်းပြသထားသည်။

PANHTWAR GALLERY ပြတိုက်သည် မင်းဘူးမြို့မြောက်ဘက် (၃)မိုင်အကွာ မယ်ဘေ့ကုန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းရှေ့တွင် တည်ရှိပြီး ပြတိုက်အတွင်း၌ ပျူခေတ်က အထင်ကရ ရှေးဟောင်းယဉ်ကျေးမှု အနုပညာလက်ရာမြောက် ပစ္စည်းများကို အဓိက ခင်းကျင်းပြသထားကြောင်း၊ ၎င်းပြတိုက်သို့ မည်သူမဆို လာရောက်လေ့လာနိုင်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)