မင်းဘူးမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ မုန့်ထုတ်လုပ်သူ လုပ်ငန်းရှင်များအား စားသုံးသူ အကာအကွယ်ပေးရေး အသိပညာပေး တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ် 

မင်းဘူး   ၁၅   ဖေဖော်ဝါရီ                    

 

စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် လုံခြုံစိတ်စွာ ဝယ်ယူသုံးစွဲနိုင်စေရန် ရည်ရွယ်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက် ၁၀ နာရီခွဲ အချိန်က မင်းဘူးမြို့ အမှတ်(၄)ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် မုန့်ထုတ်လုပ်သူ လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဆွေးနွေးပွဲတွင် မင်းဘူးခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စုစုထွန်းက ၂၀၁၉ စားသုံးသူကာကွယ်ရေး ဉပဒေတွင် ဖော်ပြပါရှိသော အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားများ  ပြည့်စုံစွာ ဖော်ပြပါရှိလာရေးအတွက် ခေါ်ယူတွေ့ဆုံဆွေးနွေးခြင်း ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

 

“ကျွန်တော်တို့ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့မှာ ပြဋ္ဌာန်းထားပြီး အသိပညာပေး ကာလအနေနဲ့ တစ်နှစ်သတ်မှတ်ထားပါတယ်၊ အသိပညာပေး ကာလအတွင်းမှာ ကျွန်တော်တို့၏  ထုတ်လုပ်သူ လုပ်ငန်းရှင်များ၊ ကုန်စုံဆိုင်များ၊ စတိုးဆိုင်များ၊ အလှကုန်ပစ္စည်းများ အရောင်းဆိုင်များကို ကွင်းဆင်းပြီး အသိပညာပေးမှုတွေ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက် ရှိပါတယ်၊ ၂၀၂၀ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့မှစပြီး လိုက်နာခြင်းမရှိသည့် လုပ်ငန်းရှင်များကို ဉပဒေအရ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု မင်းဘူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမြင့်ကြည်ထံမှ သိရသည်။

 

ထို့နောက် ခရိုင်စားသုံးသူရေးရာဦးစီးဌာန  ခရိုင်ဦးစီးမှူး ဒေါ်စုစုထွန်း၊ မြို့နယ်တာဝန်ခံ ဦးမြင့်ကြည် နှင့်  ဌာနဆိုင်ရာများမှ တာဝန်ရှိသူများသည် အမှတ်(၄)နယ်မြေ၊ ရှမ်းစုရပ်ကွက်ရှိ မုန့်ထုတ်လုပ်သူ လုပ်ငန်းရှင်တစ်ဦး၏နေအိမ်သို့ လေ့လာကြည့်ရှုခဲ့ပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ကြောင်း သိရှိရသည်။

ကျော်စိုးဝင်း(မင်းဘူး)