မြင်းမူမြို့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား လူထု ၃၇၀၀ ကျော်ကထောက်ခံပွဲပြုလုပ်

articles_advs

မြင်းမူမြို့ ၁၂ ဒီဇင်ဘာ

နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့တွင် ရောက်ရှိနေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသည့် အခမ်းအနားကို ယနေ့မွန်းလွဲ ၁၂ နာရီခွဲက စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့တွင် ပြုလုပ်ခဲ့သည်။

 

mdn

 

ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသော ပြည်သူလူထုကြီးက နိုင်ငံတော်အလံအားအလေး ပြုကြသည်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုကြပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက ပေးပို့သော ကြေညာချက်ကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီလာလွင် က ဖတ်ကြားသည်။ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် တရားစွဲဆို လျှောက်ထားမှုများနှင့် ပတ်သက်၍ ပြန်လည်တုံ့ပြန်ရန်၊ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ၏ အကျိုးစီးပွားများကို ကာကွယ်ရန်အတွက် နယ်သာလန်နိုင်ငံသို့ ရောက်ရှိနေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နောက်တွင် မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့်အတူ မြင်းမူမြို့နယ်အတွင်းရှိ တိုင်းရင်းသား ပြည်သူများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ဆရာမများ ၊ကျောင်းသား၊ကျောင်းသူများ၊ လူမှုကူညီရေးအသင်းအဖွဲ့များက အင်းအားတစ်ရပ်အဖြစ် ပူးပေါင်းပါဝင် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

mdn

 

ထောက်ခံပွဲသို့ တက်ရောက်လာသော ပြည်သူများသည် ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ စုရပ်မှနေ၍ မြို့တွင်းသို့ လှည့်လှည်ကြပြီး ဗိုလ်ချုပ်အောင်ဆန်းပန်းခြံသို့ ပြန်လည်ဝင်ရောက်ကာ နိုင်ငံတော်အလံ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို ဆက်လက်အလေးပြုကြပြီး အခမ်းအနားကို မွန်းလွဲ ၂ နာရီခွဲတွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။ အဆိုပါ လူထုထောက်ခံပွဲသို့ ပြည်သူလူထု ၃၇၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်စိုးဖေ(မြင်းမူ)