MNL ယူ-၂၁ ပြိုင်ပွဲ ပွဲစဉ် (၁၁) ပထမနေ့ ကျင်းပ

၂၂ မတ်

၂၀၂၀ ရာသီ MNL ယူ-၂၁ အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၁) ပထမနေ့ကို ယနေ့ညနေပိုင်းက ကွင်းလေးကွင်း၌ ကျင်းပရာ ရှမ်းယူနိုက်တက်၊ ရတနာပုံ၊ ရခိုင်နှင့် Southern အသင်းတို့ နိုင်ပွဲများ ရရှိခဲ့သည်။

ပထမနေ့တွင် ရှမ်းယူနိုက်တက်အသင်းက ရန်ကုန်အသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ ရတနာပုံအသင်းက မြဝတီအသင်းကို တစ်ဂိုး-ဂိုးမရှိ၊ ရခိုင်အသင်းက မကွေးအသင်းကို တစ်ဂိုး-ဂိုးမရှိ၊ Southern အသင်းက စစ်ကိုင်းအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ဇယားထိပ်ပိုင်းတွင် ရပ်တည်နေသည့် ရှမ်းယူနိုက်တက်အသင်းသည် အမှားအယွင်းမရှိ နိုင်ပွဲရယူနိုင်ခဲ့ပြီး ဧရာဝတီအသင်းကို ဆက်လက်ဖိအားပေးနိုင်ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးများကို ၃ မိနစ်တွင် ညီညီနှင့် ၇၉ မိနစ်တွင် သူရိန်ထွန်းက ပယ်နယ်တီမှတစ်ဆင့် သွင်းယူခဲ့သည်။ ရတနာပုံအသင်းသည် ၅၈ မိနစ်တွင် သက်ဟိန်းစိုးသွင်းယူသည့်ဂိုးဖြင့် မြဝတီအသင်းကို အနိုင်ရခဲ့သည်။ ရခိုင်အသင်းမှာလည်း ၇၅ မိနစ်တွင် ထွန်းရွှေဝါသွင်းယူသည့် တစ်လုံးတည်းသောဂိုးဖြင့် မကွေးကို အနိုင်ယူပြီး နိုင်ပွဲဆက်ခဲ့သည်။ Southern အသင်းမှာမူ နိုင်ပွဲပြန်ရှာတွေ့ခဲ့ပြီး စစ်ကိုင်းအသင်းကို အနိုင်ကစားနိုင်ခဲ့သည်။ Southern အသင်းအတွက် အနိုင်ဂိုးကို ၁၈ မိနစ်တွင် စည်သူဝင်းက သွင်းယူခဲ့သည်။

ဒုတိယနေ့ကို မတ် ၂၃ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ပဒုမ္မာကွင်း၌ အားကာသိပ္ပံအသင်းနှင့် Chinland အသင်း၊ စလင်းကွင်း၌ ချင်းယူနိုက်တက်အသင်းနှင့် ဧရာဝတီအသင်း၊ တောင်ဒဂုံကွင်း၌ ငွေကြယ်ပွင့်အသင်းနှင့် ဟံသာဝတီအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ၊ ဓာတ်ပုံ-ကိုဇေ