မြန်မာ - တရုတ် သံတမန်ဆက်ဆံရေးနှစ် (၇၀) ပြည့် အထိမ်းအမှတ်အခမ်းအနားနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံယဉ်ကျေးမှုနှင့် ခရီးသွားလာရေးနှစ်စတင်ခြင်း အထိမ်းအမှတ်အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင် ပြောကြားသည့်မိန့်ခွန်း

မြန်မာ - တရုတ် သံတမန်ဆက်ဆံရေးနှစ် (၇၀) ပြည့် အထိမ်းအမှတ်အခမ်းအနားနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံယဉ်ကျေးမှုနှင့် ခရီးသွားလာရေးနှစ်စတင်ခြင်း အထိမ်းအမှတ်အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်က သမ္မတကြီး ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က မိန့်ခွန်းများကို လှိုက်လှဲစွာ ပြောကြားခဲ့ပါကြောင်း၊ ဆက်လက်ပြီး မိမိတို့အတူတကွ တရုတ် - မြန်မာ သံတမန် ဆက်ဆံရေး နှစ်(၇၀)ပြည့် အထိမ်းအမှတ် အခမ်းအနားနှင့် တရုတ် - မြန်မာ ယဉ်ကျေးမှု နှင့်ခရီးသွားလာရေးနှစ်ကို စတင်တော့မည်ဖြစ်ကြောင်း၊ ယင်းသည် တရုတ် - မြန်မာ ချစ်ကြည်ရင်းနှီးစွာ သွားလာဆက်ဆံသည့် ထွန်းပြောင်သော သမိုင်းကြောင်းတွင် အရေးပါသည့်မှတ်တိုင်ဖြစ်ပြီး နှစ်နိုင်ငံပြည်သူများ အတူဆင်နွှဲရမည့် ကိစ္စရပ်ကြီးလည်းဖြစ်ကြောင်း၊ ယင်းသမိုင်းဝင် အချိန်ကာလကို အားလုံးနှင့်အတူ သက်သေထူရသည့်အတွက် မိမိအနေဖြင့် အလွန်ဝမ်းမြောက်မိပါကြောင်း။

 

တရုတ် - မြန်မာယဉ်ကျေးမှုတွင် “ရှေးရေစက်” ကို ယုံကြည်ကြပါကြောင်း၊ နှစ်နိုင်ငံသည် ပထဝီတည်နေရာချင်း နီးကပ်ပြီး ပြည်သူချင်းချစ်ခင်ရင်းနှီးကာ ယဉ်ကျေးမှုချင်းလည်း ဆက်နွယ်နေပါကြောင်း၊ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသည် နှစ်ပေါင်းထောင်ချီတည်တံ့ ခိုင်မြဲလျက်ရှိပါကြောင်း၊ ယင်းသည် နှစ်ဦးနှစ်ဖက် ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ခွန်အားနှင့် ဇစ်မြစ်ဖြစ်ပါကြောင်း၊ နှစ်ဦးနှစ်ဖက်သံတမန်ဆက်ဆံရေး အထိမ်းအမှတ် အခမ်းအနားများ အောင်မြင်စွာ ကျင်းပခြင်းဖြင့် ယဉ်ကျေးမှု အပြန်အလှန် ဖလှယ်မှုများမြှင့်တင်ပြီး နှစ်နိုင်ငံပြည်သူအကြား ကူးလူးဆက်ဆံမှုများကို ပိုမိုနက်ရှိုင်းစေမည်ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံပြည်သူများအတွက် လက်တွေ့ကျသည့်လုပ်ငန်းများ၊ ကောင်းမွန်သောကိစ္စရပ် များပိုမိုဆောင်ရွက်ပြီး တရုတ် - မြန်မာ ချစ်ကြည်ရေးလုပ်ငန်းများအတွက် ပါဝင်သူများ၊ အကျိုးခံစားရသူများ၊ ထောက်ခံအားပေးသူများ ပိုမိုမွေးထုတ်ပေးကာ နှစ်နိုင်ငံချစ်ကြည် ရင်းနှီးသည့် လူမှုအခြေခံကိုခိုင်မြဲစွာ တည်ဆောက်ရမည်ဖြစ်ကြောင်း။

 

သမိုင်းကို ဆက်လက်ပုံဖော်နေပါကြောင်း၊ ခေတ်သစ်ကာလတွင် တရုတ် - မြန်မာ ဆက်ဆံရေးကိုမြှင့်တင်ပြီး ရှေးလူကြီးများ၏ လက်ဆင့်ကမ်းမှုများအား အမွေဆက်ခံကာ လမ်းကြောင်းသစ်များကို ဖောက်လုပ်ကြရမည်ဖြစ်ကြောင်း၊ မှန်ကန်သည့်လမ်းကြောင်းကို ဆက်လက်ထိန်းသိမ်းပြီး ဆန်းသစ်တီထွင်မှုကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ ယခုအကြိမ် ခရီးစဉ်ကို “စမှတ်” အဖြစ်သတ်မှတ်ပြီး တရုတ် - မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းကို အတူတကွ တည်ဆောက်ရန် မိမိနှင့်သမ္မတကြီး ဦးဝင်းမြင့်တို့ တညီတညွတ်တည်း သဘောတူညီခဲ့ကြပါကြောင်း၊ အရေးပါသည့် နိုင်ငံရေးသဘောတူညီချက်သည် တရုတ် - မြန်မာ နှစ်နိုင်ငံရင်းနှီးနွေးထွေးသော အေးအတူပူအမျှထူးခြားသည့် ဆက်ဆံရေးကို နက်နက်ရှိုင်းရှိုင်းပုံဖော်နေပါကြောင်း၊ နှစ်နိုင်ငံပြည်သူများ၏ အခက်အခဲကို အတူတကွ ရင်ဆိုင်ကြသည့် အပြန်အလှန် အကူအညီပေးအပ်ကြသော ညီအစ်ကိုမောင်နှမ သံယောဇဉ်ကို သက်ဝင်လှုပ်ရှားစွာ ထင်ဟပ်စေပြီး နှစ်ဦးနှစ်ဖက်ဆက်ဆံရေး၏ အနာဂတ်လမ်းပြ မြေပုံသစ်ကို ဘက်စုံရေးဆွဲနေပြီဖြစ်ပါကြောင်း။

 

မိမိသည် တရုတ် - မြန်မာ သံတမန်ဆက်ဆံရေးနှစ် (၇၀) ပြည့်အထိမ်းအမှတ် ဓာတ်ပုံပြပွဲကို လှည့်လည်ကြည့်ရှုခဲ့ပါကြောင်း၊ ယင်းတွင် ဝန်ကြီးချုပ်ချူအင်လိုင်း ၁၉၅၄ ခုနှစ် ဇွန်လ ၂၈ ရက်မှ ၂၉ ရက်အထိ မြန်မာနိုင်ငံကိုလာရောက်ခဲ့သည့် ခရီးစဉ်မှတ်တမ်းဓာတ်ပုံ တစ်ပုံကို တွေ့လိုက်ပါကြောင်း၊ ထိုအချိန်က တရုတ်၊ အိန္ဒိယ၊ မြန်မာနိုင်ငံတို့ အသီးသီး ပူးတွဲကြေညာချက်ထုတ်ပြန်ပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ရပ်ကိုအတူ တကွ အဆိုပြုခဲ့ကြပါကြောင်း၊ ယင်းသည် နိုင်ငံတကာဆက်ဆံရေးသမိုင်းတွင် အရေးပါလှသည့် ဖြစ်စဉ်တစ်ရပ်ဖြစ်ပါကြောင်း။

 

ယနေ့ကမ္ဘာကြီးသည် နှစ်တစ်ရာအတွင်းမရှိခဲ့ဖူးသည့် ပြောင်းလဲမှုကြီးများနှင့်ကြုံတွေ့နေရပါကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းသည် တစ်ဦးနှင့်တစ်ဦးအပြန်အလှန် ဆက်နွယ်နေသော အေးအတူပူအမျှ အသိုက်အဝန်းအဖြစ် တစ်နေ့တစ်ခြား ဖြစ်ပေါ်လာနေပါကြောင်း၊ သို့သော်နိုင်ငံတကာ ဆက်ဆံရေးတွင် တရားမျှတမှု၊ တန်းတူညီမျှမှုမရှိ သည့်လက္ခဏာများလည်း သိသိသာသာ ပေါ်ပေါက်နေဆဲဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးထိန်းသိမ်းခြင်း၊ အတူတကွ ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးခြင်းတို့သည် တာဝန်ကြီးလေးလှပြီး ခရီးဝေးလံနေဆဲဖြစ်ပါကြောင်း၊ အခြေအနေသစ်တွင်ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေး မူကြီး(၅)ရပ်သည် ခေတ်နောက်ကျမှုမရှိရုံသာမက ကာလကြာရှည်စွာသစ်လွင်နေဆဲ ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်ကို ပြန့်ပွားစေပြီး လက်တွေ့ကျင့်သုံးသည့် စံနမူနာအဖြစ် ဆောင်ရွက်ရန်၊ နိုင်ငံအချင်းချင်း ကူးလူးဆက်ဆံသည့် စံနမူနာအဖြစ်ရပ်တည်ရန်၊ နိုင်ငံတကာ အသိုက်အဝန်းမှ လူသားကံကြမ္မာတူ အသိုက်အဝန်း လက်တွဲတည်ဆောက်မှုအား တွန်းအားပေးရန် ဆန္ဒရှိပါကြောင်း။

 

၂၀ ရာစု ၆၀ ပြည့်နှစ်ကာလက တရုတ်နိုင်ငံမှ မာရှယ်ချိန်ယိက “ဆွေမျိုးပေါက်ဖော် သံယောဇဉ်နက်ရှိုင်းနေ၊ မြစ်ရေတစ်သွင်သွင် စီးဆင်းစေ”ဟု ကဗျာစပ်ဆိုခဲ့ပါကြောင်း၊ နှစ်ဦးနှစ်ဖက်၏ အတူတကွ ကြိုးပမ်းမှုအောက်တွင် တရုတ် - မြန်မာ ချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဖွံ့ဖြိုးတိုးတက်သော သမိုင်းရေစီးကြောင်းသည် မြစ်ဖျားခံရာတူညီသည့်တရုတ်နိုင်ငံမှ လန်ချန်းမြစ်နှင့် မြန်မာနိုင်ငံမှ ဧရာဝတီမြစ်ကဲ့သို့ တောတောင်အထပ်ထပ်ကို ဖြတ်သန်းပြီး အတားအဆီးများကို ကျော်လွှားကာ ရှေ့သို့အရှိန်အဟုန်ဖြင့် ဆက်လက်ချီတက်နိုင်လိမ့်မည်ဟု မိမိယုံကြည်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် တရုတ် - မြန်မာ ချစ်ကြည်ရေး အဓွန့်ရှည်တည်တံ့ပါစေဟု မိမိအနေဖြင့် လေးလေးနက်နက် ဆုမွန်ကောင်းတောင်းလိုက်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်တို့က မြန်မာ - တရုတ် နှစ်နိုင်ငံယဉ်ကျေးမှုနှင့် ခရီးသွားလာရေးနှစ် စတင်ခြင်းအခမ်းအနားကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကြသည်။

 

ထို့နောက် နှစ်နိုင်ငံယဉ်ကျေးမှုအဖွဲ့များက မြန်မာ-တရုတ် ချစ်ကြည်ရေးအက၊ ပွဲတော်နေ့မှာ ပျော်ပျော်ရွှင်ရွှင် ဆိုကြစို့အက၊ ကျေးလက်တေးကဗျာ အကအလင်္ကာ၊ ရောင်စုံတိမ်တိုက်ပမာ လှပသောယူနန်အကနှင့် စုပေါင်းအကတို့ဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

 

အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတမစ္စတာရှီကျင့်ဖျင်တို့သည် ဖျော်ဖြေတင်ဆက်ကြသည့် အနုပညာရှင်များအား ဂုဏ်ပြုပန်းခြင်း ပေးအပ်ကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။